ဇန်နဝါရီလ ၁၅ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် သည် ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေပိုင်းတွင် ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိရာ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်ဆဲ လုပ်ငန်းများအား လည်းကောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်ဦးက သင်တန်းကျောင်းများဆိုင်ရာ အချက်အလက်များအား လည်းကောင်း ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ပြီး ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း တို့မှ ဝန်ထမ်းများအား လိုအပ်သည်များမှာကြား၍ ရုံးဝန်းအတွင်းလိုက်လံ ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(လွိုင်ကော်)သို့ သွားရောက်၍ ကျောင်းဝန်းအတွင်းရှိ သင်တန်းခန်းမများ၊ သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများ၊ အိပ်ဆောင်များ၊ စားရိပ်သာများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(လွိုင်ကော်)သို့ ရောက်ရှိခဲ့ပြီး ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများအား တွေ့ဆုံအမှာစကားပြောကြား၍ ထောက်ပံ့ငွေ များပေးအပ်ကာ ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။