နယ်စပ်ရေးရာဝန်ကြီးဌာန၏ (၃၃) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

စက်တင်ဘာလ ၂၄ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၏ (၃၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် ဂုဏ်ပြုဆုရရှိသည့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားပြောကြားရာတွင် နှစ်ပတ်လည်နေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်‌ပေးရခြင်းမှာ မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် လုပ်သက်နှစ် ၃၀ ထိ တာဝန်ကျေပွန်စွာထမ်းဆောင်မှု၊ လုပ်ငန်းစွမ်းဆောင်ရည် ထူးချွန်မှု၊ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့သည့်ကာလအတွင်း ကယ်ဆယ်‌ရေးလုပ်ငန်းများ၌ ပါဝင်ထမ်းဆောင်မှု၊ သင်တန်းများတွင် ထူးချွန်စွာဆောင်ရွက်နိုင်မှု၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်မှု၊ ရုံးခန်း၊ ရုံးပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ပန်းအလှပင်များ စိုက်ပျိုးဆောင်ရွက်နိုင်မှု၊ အားကစားထူးချွန်မှု၊ ၃ နှစ်တာကာလအတွင်း ခွင့်ခံစားခြင်းမရှိမှု၊ ၂၅ ကြိမ်နှင့်အထက် သွေးလှူဒါန်းမှု၊ ပြည်ပစာတမ်းဖတ်ကြားမှုများနှင့် အထိမ်းအမှတ် ပြိုင်ပွဲများတွင် ထူးချွန်စွာဆောင်ရွက်နိုင်မှု၊ ရုံးလုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်မှု၊ ဝန်ထမ်းအိမ်ရာများတွင် သန့်ရှင်းရေးနှင့် စိုက်ပျိုးရေး ဆောင်ရွက်နိုင်မှုတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်ပေးရခြင်း ဖြစ်ပါကြောင်းနှင့် ယခုလို ဂုဏ်ပြုထိုက်သူများ၊ ချီးမြှောက်သင့်သူများကို ဆုချီးမြှင့်ပေးခဲ့သလို နောင်နှစ်များတွင်လည်း စဉ်ဆက်မပြတ် ဂုဏ်ပြုချီးမြှင့် ပေးအပ်သွားမည်ဖြစ်ပါကြောင်း။
    မိမိတို့ဝန်ကြီးဌာနတွင် လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရုံသာမက ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံ၌ ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဝန်ထမ်း‌ကောင်းများဖြစ်အောင် အတွေးအမြင်မှန်ကန်စွာဖြင့် နိုင်ငံ့ဝန်ထမ်းများ လိုက်နာကျင့်ကြံရမည့် စည်းမျဉ်းစည်းကမ်းကျင့်ဝတ်များနှင့်အညီ မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသည့်အတွက် အလေးအနက် မှတ်တမ်းတင် ဂုဏ်ပြုပါကြောင်း၊ နှစ်ပတ်လည်နေ့ အခမ်းအနား၌ ဝန်ထမ်းများစိတ်အပန်းပြေ ပျော်ရွှင်စေရန်အတွက် ဗလာမပါကံစမ်းမဲ ဖွင့်ဖောက်ခြင်းကိုလည်း ထည့်သွင်းပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲခဲ့ကြသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူများအတွက် စေတနာထားရှိပြီး ရိုးသား၊ ကြိုးစား၊ သစ္စာရှိပြီး အားထားရသည့် ဝန်ထမ်းကောင်းများအဖြစ် ကျရာအခန်း ကဏ္ဍအသီးသီး၌ စည်းလုံးညီညွတ်‌ပျော်ရွှင်စွာဖြင့် ဝိုင်းဝန်းလက်တွဲပြီး ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာနှင့် စွမ်းရည်တို့ကို မြှင့်တင်၍ ဆက်လက်အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့ ပါသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များက ဌာနအလိုက် ဂုဏ်ပြုဆုရရှိသူများ၊ ကံစမ်းမဲပေါက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုဆုများနှင့် ဆုမဲပစ္စည်းများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကာ ဆုရရှိသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။
 

Post Paragraph
video-upload