ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဇွန် ၁၀
    နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Saurabh Kumar သည် ယနေ့နံနက် (၁၁) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
    ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများဖွံ့ဖြိုး တိုးတက်ရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်လူရွယ်များ၏ လူ့စွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ဖြင့် နှစ်အလိုက် တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ (၅) သန်းဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် လမ်းပန်းဆက်သွယ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လမ်း/တံတားကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍများတွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ အိန္ဒိယနိုင်ငံ အစိုးရ၏ Indian Technical and Economic Cooperation (ITEC) အစီအစဉ်အရ ဖွင့်လှစ် ခဲ့သော ပညာသင်ဆုများဖြစ်သည့် အင်္ဂလိပ်စာကျွမ်းကျင်မှုနှင့် ဘာသာရပ်ဆိုင်ရာ သင်တန်း များကို နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများအား ရွေးချယ်လေ့ကျင့်ပေးခဲ့မှု၏ အကျိုး ရလဒ်များ၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကဏ္ဍအသီးသီး၌ လိုအပ်ချက်ရှိသည် များအား နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အခြေ အနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
    မြန်မာ-အိန္ဒိယချစ်ကြည်ရေး စီမံကိန်းအရ နှစ်နိုင်ငံ နယ်နိမိတ်ထိစပ်နေသည့် နယ်စပ် ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာကို (၂၈-၅-၂၀၁၂) ရက်နေ့တွင် ရေးထိုးခဲ့ပြီး နှစ်အလိုက် တစ်ကြိမ်လျှင် အမေရိကန် ဒေါ်လာ (၅) သန်းဖြင့် (၅) ကြိမ်အတွက် အမေရိကန်ဒေါ်လာ (၂၅) သန်းဖြင့် ဆောင်ရွက်လျက် ရှိသည်။
    အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။