ကမ်းသောလက်တွေ ညောင်းလှပြီ

မောင်မုဒိတာ၊ ဧပြီလ ၆ ရက်
    ပြီးခဲ့သည့် မတ် ၈ ရက် ညဘက် တီဗွီသတင်းတွင်ကြည့်လိုက်ရသည်။ နောက်တစ်နေ့ သတင်းစာ တွင်လည်း စိတ်ဝင်တစားဖတ်မိသည်။ “အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံသံရုံးများမှ သံရုံးအကြီး အကဲများ၊ AHA Center တို့မှ ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို သွားရောက်လေ့လာ” ဆိုသည့်သတင်းဖြစ် သည်။
    ဦးဆောင်သူက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဖြစ်သည်။ မြန်မာနိုင်ငံအခြေစိုက် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ အာဆီယံလူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Center) မှ ကိုယ်စားလှယ်အဖွဲ့ဝင်များအား ဦးဆောင်ကာ နေပြည်တော်မှ စစ်တွေသို့ လေကြောင်းခရီး၊ ထိုမှတစ်ဆင့် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်ဝင်ရောက်လာပါက အဆင်သင့် ဖြစ်စေရေးအတွက် စီစဉ်ထားသည့် မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းနှင့် လှဖိုးခေါင် ယာယီနေရာချထားရေးစခန်းတို့ကို ရဟတ်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု လေ့လာကာ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ပြန်လည်နေရာချထားမည့် လုပ်ငန်းစဉ်များကို လက်တွေ့ကျကျ၊ မျက်ဝါးထင်ထင် လိုက်လံရှင်းလင်းပြသခြင်း ဖြစ်သည်။ လိုက်ပါလာသူများ၏ သိရှိလိုသည်များကိုလည်း စခန်းအသီးသီး၌ လက်ရှိ လုပ်ငန်းဆောင်ရွက်နေသည့် ဌာနအလိုက်တာဝန်ခံတွေက ဂုဏ်သိက္ခာရှိစွာ ပြန်လာမည့်သူများအတွက် လက်ခံဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းချပြ ဆွေးနွေးခဲ့ကြသည်ကိုလည်း တွေ့ရသည်။ 
နှစ်တော်တော်ကြာနေပြီ
မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံရာမှာ ရေလမ်းကြောင်းက ဝင်လာသူများအတွက် ငါးခူရ၊ ကုန်းလမ်းကြောင်းမှ ဝင်လာသူများ အတွက် တောင်ပြိုလက်ဝဲ စသည့်ပြန်လည်လက်ခံရေးစခန်း နှစ်ခုဖွင့်လှစ်ထားရှိသည်မှာ နှစ်တော်တော် ကြာနေပြီဖြစ်သည်။ ဒီစခန်းနှစ်ခုမှာ ပြန်လည်လက်ခံပြီးသူများကို လှဖိုးခေါင်စခန်းတွင် ယာယီနေရာချ ထားရန်လည်း ပြင်ဆင်ထားပြီးဖြစ်သည်။ အဲဒီကမှတစ်ဆင့် ၎င်းတို့နဂိုက နေထိုင်ခဲ့သည့်နေရာ (သို့မဟုတ်) တာဝန်ရှိသူများက စီစဉ်နေရာချထားပေးသည့်နေရာ တို့သို့ အသီးသီးပြောင်းရွှေ့ နေရာချ ထားပေးရန်လည်း စီမံထားပြီးဖြစ်သည်။ စခန်းသုံးခုလုံးတွင်လည်း ပြန်လည်ဝင်ရောက်လာသူများ အတွက် အသင့်နေထိုင်နိုင်ရန် မိုးလုံလေလုံအဆောက်အအုံ၊ ရေ၊ မီး၊ မိလ္လာအပြည့်အစုံ၊ စားသောက် ရေးအတွက် ဆန်၊ ဆီ၊ ပဲ၊ ဆားအပါအဝင် စားသောက်ဖွယ်ရာများနှင့် ချက်ပြုတ်စားသောက်ရန် ထင်းအစားထိုး လောင်စာတောင့်ကအစ အဆင်သင့်စီစဉ်ထားပြီးသား။ ၎င်းတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ဆေးပစ္စည်းအစုံအလင်နှင့် ကျန်းမာရေး ဝန်ထမ်းများလည်း ရှိနှင့်ပြီးပြီ။ အဲဒါတွေ က ခုမှ မဟုတ်၊ ၂၀၁၈ ခုနှစ် ပထမဆုံးအကြိမ် ပြန်လည် လက်ခံမည့်အချိန်ကတည်းက အပြည့်အစုံ ရှိပြီးသား။ အဆောက်အအုံကအစ မကြာခဏဆိုသလို ပြုပြင် ပြင်ဆင်ဆောင်ရွက်နေရသော်လည်း ဝင်လာမည့်သူများက အကြောင်းအမျိုးမျိုးပြ၍ ပြန်မလာကြ။ ယခုလည်း ယခင်လိုပင် အားလုံး အဆင်သင့်ရှိနေသည်။
ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ရေး ကော်မတီဒုတိယဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်အတူ နွေနေပူအောက်မှာ စိတ်ဝင် တစားလိုက်ပါကြည့်ရှုလေ့လာကြသည့် သံရုံးအကြီးအကဲများ၊ သံတမန်များနှင့် AHA ကိုယ်စားလှယ် များသည် ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်အား မြန်မာနိုင်ငံဘက်မှ လက်ရှိပကတိဆောင်ရွက်ထားရှိမှုများကို မျက်မြင် ကိုယ်တွေ့သိရှိနားလည်သွားမည်ကတော့ ဧကန်ဖြစ် သည်။ ၎င်းတို့၏ မျက်မြင်ကိုယ်တွေ့သိရှိမှု အစီရင်ခံချက်များအရ ၎င်းတို့၏ နိုင်ငံအကြီးအကဲ များကလည်း သိရှိနိုင်မည်။ ထိုမှတစ်ဆင့် နိုင်ငံတကာက သိရှိနားလည်စေချင်မိသည်။ ဒါကကျွန်တော့်၏ ဆန္ဒ။ သို့သော်လည်း ပြန်လည်လက်ခံရေးကိစ္စများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များက ရပ်တန့်နေသယောင်၊ နှေးကွေးနေသယောင်၊ ဘာမှမလုပ်သယောင် ပြည်ပမီဒီယာတချို့နှင့် ပြည်ပနိုင်ငံ တချို့။ ထို့အပြင် ဘင်္ဂါလီအရေး တက်ကြွလှုပ်ရှားသူ တချို့က ပြန်လည်လက်ခံရေး လုပ်ငန်းဆောင်ရွက် ချက် အရှိပကတိအခြေအနေများကို မျက်ကွယ်ပြု၊ မျက်စိစုံမှိတ်ငြင်းနေသည်က ရှိနေသည်။ မြန်မာ ဘက်ကဘာမှမလုပ်ဘူးဆိုပြီး။ ဒီအဖြစ်ကိုလည်း အမှန်ထင်နေကြသူများကလည်း ရှိနေသည်။ 
အားလုံးအဆင်သင့်
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သည့် ကော်မတီဒုတိယ ဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ကော်မတီဒုတိယဥက္ကဋ္ဌ (၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများလည်း တောင်ပြိုလက်ဝဲ၊ ငါးခူရ၊ လှဖိုးခေါင်စခန်းများကို လှည့်လည်သွားရောက်ပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးကြသည်။ လုပ်ငန်း ဆိုင်ရာလိုအပ်ချက်များကိုလည်း သက်ဆိုင်ရာစခန်းအလိုက် တာဝန်ခံများကို မှာကြားဖြည့်ဆည်း ဆောင် ရွက်ပေးကြသည်။ အဆောက်အအုံ၊ ရေ၊ မီး၊ မိလ္လာ၊ စားသောက်ရေးကအစ စီစဉ်ဆောင်ရွက်ထားရှိမှု များကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယင်းအဖွဲ့တွင် မိမိကိုယ်တိုင်ပါဝင်ခဲ့သည့်အတွက် ပြန်လည်ဝင်ရောက် လာမည့်သူများအတွက် စီစဉ်ထားရှိမှုက လုံးဝဥဿုံ အားလုံးအဆင်သင့်ဖြစ်နေပြီဟု ပြောလိုသည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နေရပ်စွန့်ခွာသွားသည့် အကြောင်းအရင်းတွေ၊ အဖြစ် အပျက်တွေက စိတ်ဝင်စားကြသူများဆိုပါက အလွတ်ပင် ရနေလောက်ပြီ။ ရှင်းလင်းပွဲများ၊ ဆွေးနွေး ပွဲများ၊ ညှိနှိုင်းမှုများ၊ ချပြမှုများ မီဒီယာ မျိုးစုံမှာ ဖော်ပြနေကြသည်။ နိုင်ငံပိုင်မီဒီယာများကတော့ လက်ရှိပကတိဖြစ်ရပ်မှန်များကို ရေးသားဖော်ပြ ထုတ်လွှင့်နေကြသော်လည်း တချို့ကအမှန်လုပ်ရပ်ကို ဥပေက္ခာပြု၍ နိုင်ငံရေးကစားကွက်အဖြစ် လုပ်ဇာတ်ခင်းအသွင်ပြောင်းသွတ်သွင်းကာ လိုရာကို ပုံဖော်ဖိ အားပေးနေကြသည်။ ဇာတ်နာအောင်ပေါ့။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ဖြစ်စဉ်များတွင် အာဆာအကြမ်းဖက်အဖွဲ့များက ရဲစခန်းနှင့် တပ်စခန်းတွေကို အလုံးအရင်းနဲ့စီမံချက်ချ ဝင်ရောက်တိုက်ခိုက်ရာမှ မအောင်မြင်ခဲ့တဲ့အခါမှာ ဘင်္ဂါလီများကို စည်းရုံး၊ မရရင်ခြိမ်းခြောက်ဖိအားပေး၊ အကျပ်ကိုင်၊ ရွာတွေမီးရှို့ စသည့်လုပ်ရပ် များကြောင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအများစုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာထွက်သွားကြ ခြင်းဖြစ်သည်။ ပြည်ပနိုင်ငံတချို့နှင့် ပြည်ပမီဒီယာ တချို့ကဖြစ်စဉ်အမှန်ကို ထိမ်ချန်ပြီး လုပ်ဇာတ် များဖြင့် ဘာသာရေး၊ လူမျိုးရေးမှိုင်းတိုက်ကာ လိုသလိုပုံဖော်၍ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေ ကြသည်။ ၎င်းတို့နှင့်အတူ ဘင်္ဂါလီအရေး တက်ကြွ လှုပ်ရှားသူများဟု ဆိုသူများကလည်း ဘင်္ဂလား ဒေ့ရှ်ရောက် ဘင်္ဂါလီများအတွက်သာ အရေးဆိုနေကြပြီး အာဆာရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် အသက်ဆုံးရှုံးမှု၊ ထိခိုက်နစ်နာမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်မှုများ ကြုံတွေ့ရသည့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများ နှင့် ဟိန္ဒူများ၏ အဖြစ်သနှစ်ကိုတော့ မသိသလို လျစ်လျူရှုနေကြသည်။ 
ပြန်လည်လက်ခံရေး မူ (၅) ချက်
မည်သို့ပင်ဆိုစေ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းကို မြန်မာ နိုင်ငံအနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘော တူညီချက်များအရ ပြန်လည်လက်ခံရန် အဆင် သင့် ရှိနေသည်ကတော့အမှန်။ သို့သော်လည်း ပြန်လည်လက်ခံရာတွင် နှစ်နိုင်ငံသဘောတူညီချက် များအနက် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးမူ (၅) ချက်နှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီး ကိုက်ညီမှသာလျှင် မြန်မာဘက်က ပြန်လည်လက်ခံမည်ဆိုသည်ကိုတော့ သိရှိထားရပေမည်။ အဆိုပါ ပြန်လည်လက်ခံရေးမူ (၅) ချက်ကတော့ (၁) မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူဖြစ်ရမည်။ (၂) မိမိဆန္ဒ အလျောက် ပြန်လာမည့် သူဖြစ်ရမည်။ (၃) ကွဲကွာနေသော မိသားစုဝင်များ အတွက် ဘင်္ဂလား ဒေ့ရှ်နိုင်ငံတရားရုံး၏ မှန်ကန်ကြောင်း ထောက်ခံချက်ပါရှိရမည်။ (၄)ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မွေးဖွား ခဲ့သည့်ကလေးများဖြစ်ပါက မိဘနှစ်ပါးလုံးသည် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သူများ ဖြစ်ရမည်။ (၅) နေရပ်စွန့်ခွာသူများက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ရောက်ရှိပြီး မွေးဖွားသည့်ကလေးများအတွက် မှန် ကန်ကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံး၏ ထောက်ခံချက်ပါရှိရမည်။ စသည့် စံသတ်မှတ်ချက် (၅) ချက်ပင်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့လာသည့်စာရင်းများကို ဒီစံ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ လက်ရှိ မြန်မာနိုင်ငံတွင်ရှိနေသည့်စာရင်းများနှင့် တိုက်ဆိုင် စိစစ်လျက်ရှိသည်။ မြန်မာနိုင်ငံရှိ စာရင်းများဆိုရာတွင် ယင်းဒေသတွင် ယခင်ကတည်းက နှစ်စဉ်နှစ်တိုင်း ဆောင်ရွက် လျက်ရှိပြီး ၎င်းတို့နေရပ်စွန့်ခွာမှု မရှိမီ ကာလအထိဆောင်ရွက်ခဲ့သည့် ဆွဲတင်စစ်ဆိုသည့် လုပ်ငန်းစဉ် စာရင်းများဖြစ်သည်။
ဆွဲ၊ တင်၊ စစ် ဆိုသည်မှာ ရခိုင်ပြည်နယ် (မြောက်ပိုင်း) ဘူးသီးတောင်၊ မောင်တောဒေသတွင် တာဝန်ထမ်းဆောင်ကြသည့် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးတာဝန်ရှိသူများအနေဖြင့် ယင်းဒေသရှိ လူဦးရေနှင့်အချက်အလက်များကို နှစ်စဉ်နှစ်တိုင်း ကောက်ယူမှတ်တမ်းတင်နိုင်ရေးအတွက် စာရင်း ကောက်ယူမည့်ဒေသကို မြေပုံရေးဆွဲခြင်း၊ အချက်အလက်မှတ်တမ်းတင်ခြင်းနှင့် စာရင်းကောက်ယူ စစ်ဆေးခြင်းလုပ်ငန်းကို အတိုကောက်ခေါ်ယူခြင်း ဖြစ်သည်။ (၃) မျိုးစာရင်းဟု ခေါ်ကြသည်လည်းရှိ သည်။ ယင်းကဲ့သို့ မြေပုံတွင် တင်ထားသည့် အိမ်ခြေအလိုက် လူဦးရေအချက်အလက်များကို နှစ်တိုင်းကောက်ယူသည့်အတွက် တိကျမှန်ကန်သည့် အချက်အလက်များက နှစ်တိုင်းရရှိသည်။ မိသားစုအလိုက် မှတ်တမ်းဓာတ်ပုံကိုလည်း ရယူမှတ်တမ်းတင်ကြသည်။ ဘင်္ဂလားဒေ့ရှ်မှ ပေးပို့သည့် စာရင်းများကို ၎င်းတို့ ရခိုင်ပြည်နယ်မှ နေရပ်မစွန့်ခွာမီ နောက်ဆုံးဆောင်ရွက်ခဲ့သည့် ဆွဲတင်စစ် စာရင်းဖြင့် တိုက်ဆိုင်စစ်ဆေးပြီး စံ(၅)ချက်နှင့် ကိုက်ညီမှသာ မြန်မာနိုင်ငံက လက်ခံမည်ဖြစ်သည့် အတွက် စာရင်းဖြည့်သွင်းမှုအချက်အလက်များ ပြည့်စုံမှန်ကန် ရေးသည် အရေးကြီးလှသည်။ 
နေရပ်စွန့်ခွာသူများ
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများတွင် ဘင်္ဂါလီများအပြင် ဟိန္ဒူဘာသာဝင်များလည်း ပါဝင် သည်။ သံတမန်လမ်းကြောင်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့လာသည့်နေရပ်စွန့်ခွာသူ စာရင်း များကို လဝကရှိ ဆွဲ၊ တင်၊ စစ် မှတ်တမ်းများမှ စာရင်းများဖြင့် တိုက်ဆိုင်စိစစ်ရသည်။ ယင်းသို့ တိုက်ဆိုင် စိစစ်ရသည်က လွယ်လွယ်ကူကူတော့ မဟုတ်၊ ပေးပို့လာသော အိမ်ထောင်စုအလိုက် စာရင်းအချက် အလက်များသည် သတ်မှတ်ပုံစံတွင် ဖြည့်သွင်းပေးသည်ဆိုသော်လည်း နေရပ်စွန့်ခွာသူများက ပြောကြား သည့် အသံထွက်အတိုင်း ရေးသွင်းသည့်အတွက် စိစစ်ရာတွင် အခက်အခဲများစွာရှိနေသည်။ စိစစ် ရေးပုံစံတွင် ဖြည့်သွင်းသည့် အမည်၊ နေရပ်လိပ်စာ၊ မိသားစုအချက်အလက်များအား မြန်မာနိုင်ငံရှိ အချက်အလက်၊ အိမ်ထောင်စုစာရင်းများ ကွဲလွဲမှုများရှိနေပြီး အတည်ပြုရန် ခက်ခဲလျက်ရှိသဖြင့် ပြန်လည်မေးမြန်းစုံစမ်းမှုများကြောင့် ကြန့်ကြာမှုများရှိနေသည်။ ယင်းကဲ့သို့ နှောင့်နှေး ကြန့်ကြာမှုအပေါ် လုပ်ငန်းအတိမ်အနက်ကို မကြည့်ဘဲ မြန်မာဘက်က ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ပူးပေါင်းဆောင် ရွက်ခြင်းမရှိသယောင် ပြစ်တင် ဝေဖန်နေသည့် နိုင်ငံတချို့ကလည်း ရှိနေသည်။
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီအများစုနေထိုင်ရာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် နယ်မြေ များအတွင်း နှစ်စဉ်တစ်အိမ်တက်ဆင်းကောက်ယူခဲ့သည့် ဆွဲ၊ တင်၊ စစ် စာရင်းများအရ ၂၀၁၆၊ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်များမဖြစ်ပွားမီ အိမ်ထောင်စုပေါင်း ရှစ်သောင်းကျော်၊ လူဦးရေအားဖြင့် ခုနစ်သိန်း ကျော်ရှိနေသည်။ အကြမ်းဖက်ဖြစ်စဉ်ဖြစ်ပွားပြီးနောက်ပိုင်း ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကောက်ယူခဲ့သည့် ဆွဲ၊ တင်၊ စစ် စာရင်းများအရ အိမ်ထောင်စု နှစ်သောင်းကျော်၊ လူဦးရေ နှစ်သိန်းခန့် ကျန်ရှိ နေခြင်းကြောင့် တစ်ဖက်နိုင်ငံသို့ အမှန်တကယ် ထွက်ခွာသွားသူစာရင်းမှာ အိမ်ထောင်စု ၅၆၀၀၀ ခန့်၊ လူဦးရေ ငါးသိန်း လေးသောင်းခန့်သာဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့လာသည့်စာရင်းမှာ မြန်မာနိုင်ငံဘက်က စိစစ်ထားသည်ထက် လူဦးရေ သုံးသိန်းခန့် ပိုမိုနေသည်။ ၎င်းတို့က အိမ်ထောင်စု နှစ်သိန်းနီးပါး၊ လူဦးရေ ရှစ်သိန်းကျော် စာရင်းပေးပို့လာသည်။ မည်သည့် စာရင်းများ၊ မည်သည့်ကာလက ရှိနေသူများကို ထည့်သွင်းဖော်ပြထားသည် မသိ။ မိမိတို့ကတော့ စံသတ် မှတ်ချက်(၅)ချက်နှင့်အညီ စိစစ်လက်ခံမည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံတမန်နည်းလမ်းအရ အသီးသီး ပေးပို့လာသည့်စာရင်းများကို မိမိတို့၌ ရှိနှင့်ပြီးဖြစ်သည့် ဆွဲ၊ တင်၊ စစ် စာရင်းအချက်အလက်များကို နည်းပညာအသုံးပြု စိစစ်လျက် ရှိသည်။ ယင်းသို့စိစစ်ရာတွင် အိမ်ထောင်စု ၂၄၀၀၀ ကျော်၊ လူဦးရေ တစ်သိန်းကျော်ကို စိစစ်ပြီးဖြစ်ရာ လက်ရှိစိစစ်ပြီးအခြေအနေတွင် မြန်မာနိုင်ငံ၌ နေထိုင်ခဲ့ကြောင်း အထောက်အထားတွေ့ရှိသူ ၅၇၀၀၀ ခန့်၊ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထားမတွေ့ရှိသူ သုံးသောင်းခန့်ရှိပြီး တချို့မှာ အကြမ်းဖက်ဖြစ်စဉ်များတွင် ပါဝင်ခဲ့သူများလည်း စိစစ်တွေ့ရှိရသည်။ ယင်းစိစစ်တွေ့ရှိချက်စာရင်း များကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သံတမန် လမ်းကြောင်းက ပြန်လည် ပေးပို့ပြီးလည်းဖြစ်သည်။
အသင့်စောင့်ကြိုနေ
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူပြီးသည့်နောက်ပိုင်း အဆင်ပြေပြေလက်ခံနိုင်ရေး၊ ပြန်လည်နေရာချထားနိုင်ရေးအတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှစ၍ ပြန်လည်လက်ခံရေး စခန်း နှစ်ခု၊ ယာယီနေထိုင်ရေးစခန်းတစ်ခုကို အပူတပြင်းစီစဉ်ဆောင်ရွက်ခဲ့ပြီး ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်ကြမည့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများကိုလည်း ရုံးခန်းပစ္စည်းကိရိယာစုံလင်စွာဖြင့် ချက်ချင်းစုဖွဲ့စေလွှတ်ကာ တာဝန် ချထားခဲ့ကြသည်။ ယင်းနောက် နှစ်နိုင်ငံညှိနှိုင်းချက်အရ ပြန်လည်လက်ခံရန် စိစစ်အတည်ပြုပြီး ဖြစ်သူများကို ပထမဆုံးအကြိမ်ပြန်လည်လက်ခံရေးအတွက် သတ်မှတ်ရက်ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် မြန်မာဘက်မှ ပြည်ထောင်စု ဝန်ကြီးနှစ်ပါး ဦးဆောင်ကာ တာဝန်ရှိသူများနှင့်အတူ တောင်ပြိုလက်ဝဲရှိ နှစ်နိုင်ငံ နယ်စပ်သံတံတား၏ မြန်မာဘက်ကမ်း၌ အသင့် စောင့်ကြိုနေကြသည်။ ယင်းနေ့မတိုင်မီရက်က အဆိုပါကိုယ်စားလှယ်အဖွဲ့သည် ငါးခူရ၊ လှဖိုးခေါင်၊ တောင်ပြိုလက်ဝဲစခန်း သုံးခုစလုံးသို့ သွားရောက်၍ ပြန်လည်ဝင်ရောက်လာ မည့်သူများအတွက် အစစအဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ထားရှိမှုကိုလည်း ကြည့်ရှုစစ်ဆေးပြီး ဖြစ်သည်။
နှစ်နိုင်ငံ နယ်စပ်သံတံတားထိပ်တွင် အချိန်အတော်ကြာ စောင့်ဆိုင်းနေသော်လည်း တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်ဆက်သွယ်ခြင်းမရှိသကဲ့သို့ မည်သည့် အကြောင်းပြန်ချက်မှမရရှိဘဲ ပထမဆုံးအကြိမ် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်က အထမမြောက်ခဲ့ ပါ။ မိမိကိုယ်တိုင်လည်း ယင်းသို့ကြိုလင့်စောင့်ဆိုင်းနေ သည့်အဖွဲ့တွင် ပါဝင်နေသည့်အတွက် ပြည်ထောင်စု ဝန်ကြီးတစ်ပါး ပြောကြားခဲ့သည့်စကားကို ကိုယ်တိုင်ကြားခဲ့ရသည်။ “ဘယ်တတ်နိုင်ပါ့မလဲ၊ ဒို့က လက်ခံဖို့ အသင့်ဖြစ်ပေမယ့် သူတို့ဘက်ကမှ ပြန်မပို့တာ။” ပြန်လည်လက်ခံရေး အထမမြောက် ဖြစ်ခဲ့သည့် အတွက် နှစ်နိုင်ငံ ပြန်လည်ညှိနှိုင်းခဲ့သော်လည်း တစ်ဖက်က အကြောင်းပြချက်အမျိုးမျိုးဖြင့် ရုပ်လုံးမပေါ်ခဲ့။ ဒုတိယအကြိမ်အဖြစ် ၂၀၁၉ ခုနှစ် ဩဂုတ် ၂၂ ရက်တွင်လည်း ပြန်လည်လက်ခံ ရေးလုပ်ငန်း စတင်ရန် ညှိနှိုင်းခဲ့ကြပြန်သော်လည်း အခြေအနေ မပေးပြန်။ နှစ်ကြိမ်တိုင်ကြိုးပမ်းမှုတွင် မြန်မာဘက် က နှစ်နိုင်ငံ သဘောတူညီချက်များဖြင့် စိစစ်ပြီး နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံဖို့ အဆင်သင့် ဖြစ်ပြီးသား၊ နေရာချထားရန်လည်း ပြင်ဆင်ထား ပြီးသား ဖြစ်သည်။ ယင်းသို့ ဆောင်ရွက် ချက်များကို နိုင်ငံပိုင်မီဒီယာများက ထုတ်လွှင့်ဖော်ပြခဲ့သော် လည်း ပြည်ပနိုင်ငံတချို့၊ ပြည်ပမီဒီယာ တချို့ကတော့ မြန်မာဘက်က ဆောင်ရွက်ချက်များကို လျစ်လျူရှုမြဲ၊ တလွဲဖော်ပြဆဲဖြစ်သည်။ 
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းအပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်က လုပ်ငန်းအဖွဲ့ ပေါင်းများစွာ ဖွဲ့စည်းကာ စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိသည်။ ယခုလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံညှိနှိုင်းချက်အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရန်စိစစ်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို နှစ်နိုင်ငံ အောက်ခြေလုပ်ငန်းအဖွဲ့များအကြား ဆွေးနွေးဖြေရှင်းရန်အတွက် “ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် စိစစ်ရေးလုပ်ငန်းစဉ်ဆိုင်ရာ အထူးအဖွဲ့ (Ad Hoc Task Force for Verification of the Displaced Persons from Rakhine State)” ကို ဖွဲ့စည်းကာ ပြန်လည်လက်ခံရေးအတွက် စိစစ်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများကို နှစ်နိုင်ငံ အထူးအဖွဲ့များက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ယင်းညှိနှိုင်းဆွေးနွေးမှုရလဒ်အရ စိစစ်အတည်ပြုပြီးဖြစ်သည့် နေရပ်စွန့်ခွာ သူ ၁၀၀၀ ကျော်ကို Pilot Project ဖြင့် ပြန်လည်လက်ခံရေးဆောင်ရွက်ရန် အတည်ပြုဆုံးဖြတ်ခဲ့ကြ သည်။ ယင်းညှိနှိုင်းချက် တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပေးပို့သည့် အိမ်ထောင်စု စာရင်းအချက်အလက်များ အနက် မြန်မာနိုင်ငံမှ လက်ခံရန် စိစစ်အတည်ပြုပြီးသူစာရင်းမှ Pilot Project ဖြင့် ပြန်လည်လက်ခံ မည့်စာရင်းကိုပေးပို့ခဲ့ရာတွင် ယင်းစာရင်းမှ နောက်ဆက်တွဲမိသားစုဝင် စာရင်းကိုပါ လက်ခံရန် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ပေးပို့ခဲ့သည်။ မြန်မာနိုင်ငံဘက်မှ Pilot Project ဖြင့် ပြန်လည်လက်ခံ မည့်လုပ်ငန်းစဉ် မြန်ဆန်ဖြစ်မြောက် အောင်မြင်ရေးအတွက် နောက်ဆက်တွဲပေးပို့သည့် မိသားစုဝင်များ အား မျက်မြင်ကိုယ်တွေ့ မေးမြန်းစိစစ်နိုင်ရေးအတွက် မျက်မြင်စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စစ်ဆေးမည့် အဖွဲ့ဝင်များအား ပြီးခဲ့သည့်မတ် ၁၅ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်မြို့သို့ မောင်တောမှတစ်ဆင့် စေလွှတ်ခဲ့သည်။ ယင်းမျက်မြင်စစ်ဆေးရေး အဖွဲ့က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများအနက် Pilot Project ဖြင့် ပြန်လည်လက်ခံရန် အတည်ပြု ထားသူများ၏ မိသားစုဝင်များ ဟုတ်/မဟုတ် မျက်မြင်တွေ့ဆုံကာ မေးမြန်းစိစစ်အတည်ပြု ဆောင်ရွက်ကြသည်။ ယင်းသို့ ဆောင်ရွက် ခြင်းသည်လည်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို နှစ်နိုင်ငံ သဘောတူညီချက်များဖြင့် ညှိနှိုင်းဆွေးနွေးမှုများအပေါ် မြန်မာနိုင်ငံက အလေးထားအကောင်အထည် ဖော် ဆောင်ရွက်နေမှုများပင်ဖြစ်သည်။ မကြာမီ မျက်မြင် စစ်ဆေးရေးအဖွဲ့များ၏ မျက်မြင်ကိုယ် တွေ့မေးမြန်း စိစစ်ချက်များအရ ပြန်လည်လက်ခံရန် အတည်ပြုသူ များအား ယခင်ပြန်လည်လက်ခံရန် အတည်ပြုထားသည့်စာရင်းများနှင့် ပေါင်းစပ်ကာ Pilot Project ဖြင့် ပြန်လည်လက်ခံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတချို့နှင့် ပြည်ပမီဒီယာတချို့တို့၏ မျက်စိစုံမှိတ်ကာ အပြုသဘော မဆန်သည့် ဝေဖန် သုံးသပ်မှုများက တစ်ဖက်သတ်ဆန်လှသည်။ လက်ရှိ ပကတိလုပ်ရပ်အပေါ် ထောက်ရှုသုံးသပ်မှသာ မြန်မာနိုင်ငံ၏ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဆောင်ရွက်မှုကို သိရှိနားလည် မည်ဖြစ်သည်။ သူတို့ပြောနေသည့် လူသားချင်းစာနာထောက်ထားမှု များကို အလေးထားရင်ပေါ့။
ဥပဒေနှင့်အညီ
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများသည် အကြမ်းဖက်ဖြစ်စဉ် မဖြစ်ပွားမီကာလများက ၎င်းတို့ ဒေသတွင် အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်စားသောက်ခဲ့ကြသည်။ လူမျိုးနှင့် ကိုးကွယ်သည့် ဘာသာမတူညီကြသူများ၊ ဒေသခံတိုင်းရင်းသားများနှင့် အတူတကွနေထိုင်လုပ်ကိုင်ကာ ရင်းနှီးခင်မင်စွာ နေထိုင်ခဲ့ကြသည်။ ဒေသအာဏာပိုင်များကလည်း ဥပဒေနှင့်အညီ စီမံအုပ်ချုပ်ကာ ဒေသ ဖွံ့ဖြိုးတိုးတက် ရေးကို တစိုက်မတ်မတ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။ ရခိုင်ပြည်နယ်အတွင်း ရှေးယခင်က တည်းက နှစ်ရှည်လများ နေထိုင်ကြသည့် ဘင်္ဂါလီလူမျိုးတချို့သည်ပင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ စိစစ်ချက်အရ မြန်မာနိုင်ငံသားပင်ဖြစ်နေကြပြီ။ တချို့က နိုင်ငံသား ပြုခွင့်ရသူများ ဖြစ်နေပြီ၊ တချို့ကတော့ အကြောင်းကြောင်းကြောင့် နိုင်ငံသားဖြစ်ရန် ဥပဒေနှင့်အညီ စိစစ်ရပေဦးမည်။ ယင်းတို့အတွက် နိုင်ငံသားစိစစ် ခံရမည့်သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးကာ ၁၉၈၂ ခုနှစ် ဥပဒေအရ မျိုးရိုးစဉ်ဆက် စိစစ်နေသူများလည်းရှိသည်။ ပြန်လည်လက်ခံမည့် သူများအားလုံးကို တော့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အချက်အလက်များ မေးမြန်းဖြည့်သွင်းပြီး နိုင်ငံသား ဆိုင်ရာကတ် တစ်မျိုးမျိုး တင်ပြနိုင်သူ၊ ကတ်အမှတ် သိရှိသူများကိုြန်လည်စိစစ်၍ နဂိုထုတ်ပေးသည့်ကတ် တစ်မျိုး မျိုး ကိုင်ဆောင်နိုင်ရေးဆောင်ရွက်ပေးပြီး NV Card ထုတ်ပေးထားသူများကိုတော့ နောက်ပိုင်းတွင် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေး နိုင်ရေးဥပဒေနှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်ရန် စီစဉ်ထားပြီးလည်းဖြစ်သည်။ 
မြန်မာနိုင်ငံသည် နိုင်ငံ၏ပထဝီအနေအထားအရ နိုင်ငံတကာမျက်စိကျစရာ မဟာဗျူဟာ အချက်အချာကျသည့် နိုင်ငံဖြစ်နေသည်။ နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အဘက်ဘက်က အလေးထားသုံးသပ်ဆောင်ရွက်မှသာ တော်ကာကျမည်။ ဒို့တာဝန်အရေး (၃)သုံးပါးကို အပွန်းအပဲ့၊ အထိအခိုက်မခံနိုင်ပေ။ နိုင်ငံကြီး တချို့က မြန်မာနိုင်ငံတွင် ရှေးယခင်အစဉ်အဆက် ဘယ်တုန်းကမျှ မရှိဖူးသော လူမျိုးတစ်မျိုးအမည်ကို ဖန်တီးပုံဖော်ကြသည်။ အင်္ဂလိပ်လက်အောက် ကိုလိုနီဖြစ်စဉ်ကလည်း မြန်မာနိုင်ငံတွင် လူဦးရေသန်းခေါင်စာရင်းကောက်ခဲ့သည်။ ရှေးမြန်မာမင်းများ လက်ထက် ၁၈၇၂ ခုနှစ်မှစ၍ လွတ်လပ်ရေးမရမီအထိ ရှစ်ကြိမ်ကောက်ခဲ့သည်။ အဆိုပါလူမျိုးအမည် မတွေ့ရှိခဲ့။ လွတ်လပ်ရေးရပြီး ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်စသည်ဖြင့် (၃)ကြိမ်တိုင် လူဦးရေသန်းခေါင်စာရင်းကောက်ခဲ့သည်။ ၎င်းတို့ ဖန်တီးပုံဖော်သည့် လူမျိုးအမည် မတွေ့၊ အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားပြီး နောက်ပိုင်းမှ ပေါ်ပေါက်လာသည့် လူမျိုးအမည်ကို အသိအမှတ်မပြု၊ လက်ခံစရာ အကြောင်းမရှိကြောင်းကို နိုင်ငံတော်အကြီးအကဲများက ကမ္ဘာသိ အတိအလင်းကြေညာ ပြီးပြီ။ သို့သော် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်မည်ကိုမလိုလားဘဲ ၎င်းတို့ဩဇာခံ ဖြစ်ရေးကိုသာ ရည်ရွယ်ချက် ရှိရှိ ကြိုးပမ်းနေသည့်နိုင်ငံကြီးတချို့နှင့် အပေါင်းအပါ နိုင်ငံတချို့ကတော့ ယင်းကဲ့သို့ လုပ်ကြံဖန်တီး ထားသည့်လူမျိုးအမည်ကို ထမင်းစားရေသောက် ထပ်တလဲလဲပုံဖော်နေကြ သည်။ လူ့အခွင့်အရေးကို အကြောင်းပြကောင်းတုန်း၊ လူသားချင်းစာနာထောက်ထားမှုဆိုပြီး ထဲထဲဝင်ဝင် လက်ဝါးကြီးအုပ် ခြယ်လှယ်ချင်တုန်းပင်။ ဤသို့ ဆိုပါမူ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ၎င်းတို့၏ နိုင်ငံအသီးသီးသို့ ခေါ်ဆောင်သွားပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ အလုံးအရင်းပေး၍ ၎င်းတို့ခေါ်ဆိုချင်သည့် လူမျိုးအမည်မှည့်ခေါ်ကာ ၎င်းတို့နိုင်ငံသား အဖြစ် ကယ်တင်ထားလိုက်လျှင် ပိုကောင်းပေမည်။ ထိထိရောက်ရောက် ကူညီကယ်တင်ပေးရာ ရောက်မည်ဟု ထင်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုဖြင့် ပြန်လည်လက်ခံရေးမူ (၅)ချက်နှင့်အညီ စိစစ်ကာ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။ လက်ရှိ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ယင်းလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် နှစ်နိုင်ငံညှိနှိုင်းကာ အကောင်းဆုံးအဖြေရှာ၊ အဆင်ပြေစွာ ဆောင်ရွက်နေသကဲ့သို့ ရခိုင်ပြည်နယ်တစ်ခုလုံး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီကို နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်ဦးဆောင်ဖွဲ့စည်းကာ ရေတို၊ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက် ရှိသည်။ ဤသည်ကို မသိကျိုးကျွန်ပြု ပြည်ပမီဒီယာ တချို့က စွပ်စွဲပြစ်တင် ရေးသားဖော်ပြနေကြသည် က မီဒီယာကျင့်ဝတ်နှင့်မညီ၊ တစ်ဖက်သတ်ဆန်လှ သည်။ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသူများ၏အရေးသည် နယ်နိမိတ်ချင်းထိစပ် နေသည့် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း နှစ်နိုင်ငံ၏ အရေးကိစ္စသာဖြစ်သည်။ 
မြန်မာနိုင်ငံဘက်ကတော့ ဂုဏ်သိက္ခာရှိစွာ ပြန်လာမည့်သူများအတွက် အစစအဆင်သင့် ဖြစ်နေပြီ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စိတ်ရင်းအမှန်ဖြင့် အမှန်တကယ်ပြန်ပို့ပေးလိုသည့် စိတ်စေတနာ ရှိနေပါက ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သည် အမြန်အကောင်အထည်ပေါ်လာမည် ဖြစ်သည်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအနေဖြင့်လည်း နိုင်ငံတကာ၏ ထောက်ပံ့ကူညီမှုများဖြင့် ရပ်တည် ရှင်သန်နေကြပြီး ရေရှည်မဖြစ်နိုင်သည့် အတွက် ပြန်လာချင်ကြကြောင်းကိုလည်း ကြားသိနေရသည်။ သို့သော် အာဆာ၏ အကျပ်ကိုင် ခြိမ်းခြောက်မှုများကြောင့် မဝံ့မရဲဖြစ်နေသကဲ့သို့ သတင်းမှားများ ကြောင့်လည်း ပြန်လာရန်အတွက် စိုးရိမ်ပူပန်နေကြသည်။ ၎င်းတို့၏စိတ်ခံစားချက်၊ စိုးရိမ်ပူပန်မှုများကို မြန်မာနိုင်ငံ၏ ပြန်လည်လက်ခံ ရေးအတွက် အသင့်ပြင်ဆင်ထားရှိမှု ပကတိအရှိတရား၊ အမှန်စကားများ အသိပေးရှင်းလင်းချပြခြင်းဖြင့် ဖျောက်ဖျက်ပစ်ရန်လိုအပ်သည်။ ၎င်းတို့ပြန်လာနိုင်ရေးအတွက်လည်း လုံခြုံစိတ်ချသော အစီအမံများ ဆောင်ရွက်ပေးရန်လည်းလိုသည်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ မြန်မာနိုင်ငံသို့ ဂုဏ်သိက္ခာရှိစွာ အမှန်တကယ်ပြန်လာစေလိုလျှင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အသိအမှတ်ပြုပြီး နိုင်ငံကြီးတချို့နှင့် နိုင်ငံတကာအဖွဲ့အစည်းများ က အပြုသဘောဆောင်သည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးကြရန်သာ ဖြစ်သည်။ သို့သော်လည်း အပြုသဘောမဆောင်သော သတင်းမှားများ ဖြန့်ဝေခြင်း၊ မမှန်မကန် လုပ်ကြံတိုက်တွန်း ပြောဆိုခြင်းများကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား မြန်မာနိုင်ငံမှ ပြန်လည်လက်ခံရေး လုပ်ငန်းအတွက် ကမ်းသောလက်တွေ ညောင်းလှပါပြီ။ ။