
ဘားအံ၊ သြဂုတ် ၁၄
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ သြဂုတ် ၁၄ ရက် နံနက်ပိုင်းက ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဗဟိုဌာနချုပ်တည်ရှိရာ ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးဒေသသို့ သွားရောက်၍ ၎င်းတို့၏ တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်စုများသို့ ဆန်အိတ်များ၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ဗလာစာအုပ်၊ ဆရာလမ်းညွှန်စာအုပ်၊ စာရေးကိရိယာနှင့် စိုက်ပျိုးရေးသုံး မြေသြဇာများကို ထောက်ပံ့ပေးအပ်သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး KNU/KNLA-PC ဥက္ကဋ္ဌ စောထော့လေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ပြည်နယ် ဝန်ကြီးချုပ်က KNU/KNLA-PC တပ်ဖွဲ့ဝင်များက ဦးစီးဖွင့်လှစ်သော စာသင်ကျောင်း ၃၆ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၉၈၀ အတွက် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့သော KG တန်းမှ Grade-12 အထိ ပုံနှိပ်စာအုပ် အစုံ ၃၉၈၀၊ ဗလာစာအုပ် ဒါဇင် ၃၉၈၀၊ ဆရာလမ်းညွှန်စာအုပ် အစုံ ၁၆၀၊ ခဲတံ ၁၁၂၈ ဒါဇင်၊ ဘောပင် ဒါဇင် ၂၀၀၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့သော ဆန်အိတ်များ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်အစရှိသော စာရေးကိရိယာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထောက်ပံ့သော ယူရီးယားဓာတ်မြေသြဇာ အိတ် ၂၀၀ နှင့် သဘာဝ မြေသြဇာ အိတ် ၁၀၀ တို့ကို ထောက်ပံ့ပေးအပ်ရာ KNU/KNLA-PC တပ်ဖွဲ့ဝင်များက ဦးစီး ဖွင့်လှစ်သော စာသင်ကျောင်း ၃၆ ကျောင်း များမှ ကျောင်းသား ကျောင်းသူများကိုယ်စား တပ်ဖွဲ့ဝင် တစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ KNU/KNLA-PC ဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင် များသည် ထို့ကော်ကိုး-ကျော်ခိုလမ်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်း၍ တောင်ကျရေ စီးဆင်းမှုများ သောကြောင့် ပေ ၂၀ တံတားတစ်စင်း၏ ချဉ်းကပ်လမ်းပျက်စီးမှုကို လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မဖြစ်ပေါ်စေရေး အရေးပေါ် ယာယီဘေလီတံတား ပေ ၆၀ တည်ဆောက်ပြီးစီးမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ယာယီဘေလီတံတား တည်ဆောက်ပြီးစီးမှု၊ လူစီးယာဉ်များနှင့် ပစ္စည်းသယ်ယာဉ်ငယ်များ ယခုလမ်းမှ ဖြတ်သန်းသွားလာနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် နဘူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၏ သင်ကြား သင်ယူမှု အခြေအနေ၊ စာသင်ဆောင်၊ စာသင်ခန်း၊ ပရိဘောဂ ပြည့်စုံလုံလောက်မှု ရှိ၊ မရှိ အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အားပေးစကားများ ပြောကြားကာ နဘူးအထက်တန်းကျောင်း ၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ ၇၇၄ ဦးနှင့် ဆရာ၊ ဆရာမ ၃၃ ဦးအတွက် ဗလာစာအုပ် ဒါဇင် ၁၀၀ နှင့် အထွေထွေအသုံးစရိတ်ငွေကျပ် ငါးသိန်းတို့ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၁၆ ကုတင်ဆံ့ နဘူးတိုက်နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူများအား တစ်ဦးချင်း ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသ ဆောင်ရွက်ပေးထားမှု၊ ကျန်းမာရေး တိုးတက်ကောင်းမွန်လာမှုအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြားပြီး အာဟာရဖြည့်စွက်အစားအစာနှင့် ထောက်ပံ့ငွေများ ပေးအပ်ကာ အဆိုပါ ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်သုံးသိန်းနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)



