
နေပြည်တော် ဇူလိုင် ၆
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ၏ (၁/၂၀၂၃) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အမျိုးသားစာကြည့်တိုက် ဝန်ဇင်းမင်းရာဇာခန်းမ၌ကျင်းပရာ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်နှင့် ဦးမျိုးသန့်၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ ပြည်တွင်းပညာရှင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညောင်ဦးခရိုင်နှင့် ပခုက္ကူခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသည် နှစ်ပေါင်းထောင်ကျော်က ရှေးဟောင်းအဆောက်အအုံ များကို တစ်စုတစ်ဝေးတည်း တစ်နေရာတည်းမှာတွေ့နိုင်သော တန်ဖိုးမဖြတ်နိုင်သည့် မြန်မာ့နှလုံးသား အမွေအနှစ် ယဉ်ကျေးမှုဒေသဖြစ်သောကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ထိုက်တန်စွာ ရရှိထားသော ဒေသဖြစ်ပြီး နိုင်ငံတကာက အထူးစိတ်ဝင်စားသော ယဉ်ကျေးမှုနယ်မြေ ဖြစ်ပါကြောင်း။
၂၀၁၆ ခုနှစ် ဩဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့်မြေငလျင်ကြောင့် ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသရှိ စေတီပုထိုးများအနက် (၃၈၉) ဆူ ထိခိုက်ပျက်စီးခဲ့ပြီး ပျက်စီးမှုများကို ရေရှည်ကြံ့ခိုင် ကောင်းမွန်စေရန် စနစ်တကျပြုပြင်နိုင်ရန်အတွက် “ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံညောင်ဦးဒေသရှိ ရှေးဟောင်း ဘုရား၊ စေတီပုထိုးများနှင့် သာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ” ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် ဖွဲ့စည်းခဲ့သလို အဖွဲ့ဝင် (၄) ဦး ပါဝင်သော အကြံပေးအဖွဲ့ (Advisory Team)၊ အဖွဲ့ဝင်(၂၃) ဦးပါဝင်သော ပညာရှင်အဖွဲ့ (Technical Expert Team- TET) နှင့် အဖွဲ့ဝင် (၁၃) ဦး ပါဝင်သည့် ပုဂံဒေသနိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Bagan International Coordination Committee–BICC) တို့လို အဖွဲ့အစည်းများကိုပါ ဖွဲ့စည်းခဲ့ပါကြောင်း။
ဦးစီးကော်မတီ၏ကြီးကြပ်မှုနှင့် လုပ်ငန်းများဆောင်ရွက်ခဲ့သည်မှာ ပဉ္စမအကြိမ် အစည်းအဝေး ကျင်းပပြီးသည်အထိဖြစ်ပြီး ပြီးခဲ့သည့်အစည်းအဝေး (၅) ခုတွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ပေါင်း (၅၁) ချက် ရှိပါကြောင်း၊ ပဉ္စမအကြိမ်အစည်းအဝေး၏ဆုံးဖြတ်ချက်အရ ဦးစီးကော်မတီကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက “ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ” အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောင်းလဲဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့ကြောင့် ယနေ့ပြုလုပ်သည့် အစည်းအဝေးမှာ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင် ထိန်းသိမ်းရေး ဦးစီးကော်မတီ၏ ပထမအကြိမ်ပြုလုပ်သည့် (၁/၂၀၂၃) အစည်းအဝေးဖြစ်ပါကြောင်း။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ စနစ်တကျ ရေရှည်တည်တံ့နိုင်ရေး အတွက် ပြည်တွင်း/ပြည်ပ ပညာရှင်များပါဝင်သော ပုဂံကမ္ဘာ့အမွေအနှစ်ဒေသထိန်းသိမ်း စီမံခန့်ခွဲရေး အဖွဲ့ (Conservation and Management Team for Bagan World Heritage Site-CMTB) ကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ယခင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားနေချိန်တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ပြည်တွင်း၊ ပြည်ပဧည့်သည် လာရောက်မှု လျော့နည်း ခဲ့သော်လည်း ယခုကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကျဆင်းလျော့နည်းသွား၍ ဧည့်သည်များ ပြန်လည်ဝင်ရောက်မှု ရှိလာပြီဖြစ်သည့်အတွက် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို လုံခြုံရေးနှင့် အမွေအနှစ်ထိန်းသိမ်းရေး လုပ်ငန်းများကိုပါ တိုးမြှင့်ပြီး စနစ်တကျဆောင်ရွက်သွားရန် ပိုမိုလိုအပ်ပါကြောင်း။
ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရန်အတွက် UNESCO အဖွဲ့အစည်းအပါအဝင် ပြည်တွင်း/ ပြည်ပ ရှေးဟောင်းသုတေသနဆိုင်ရာ ပညာရှင်များ၊ ဆက်စပ် ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံဗိသုကာပညာရှင်အသင်းနှင့် နည်းပညာ တက္ကသိုလ်များစသည့် ပညာရှင်အဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့များ ပူးပေါင်းကူညီပါဝင် ဆောင်ရွက်ခဲ့ မှုဖြင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဘုရားပုထိုး (၃၈၉) ဆူအနက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ပူးပေါင်း၍ (၉)နှစ် စီမံကိန်းဖြင့် ပြင်ဆင်ရန်စီမံ ဆောင်ရွက်နေသည့် သဗ္ဗညုဘုရားကြီးမှလွဲ၍ ကျန်ဘုရားအားလုံးကို ပထမအဆင့်ပြုပြင် ထိန်းသိမ်းမှုဆောင်ရွက်ပြီးသောကြောင့် ရာနှုန်းပြည့် ပြီးစီးသည်ဟု ပြောရမည်ဖြစ်ကြောင်း။
စီမံကိန်းဆောင်ရွက်ခဲ့သည့် (၄) နှစ်တာအတွင်း ငလျင်ကြောင့်ထိခိုက်ခဲ့သော ဘုရားပုထိုး များသာမက သဘာဝဘေးဒဏ်ကြောင့်ပြုပြင်ရန်လိုအပ်သော နောက်ထပ်ဘုရား အဆူ (၁၁၀) ကိုလည်း ဆောင်ရွက်ပြီးခဲ့သောကြောင့် စုစုပေါင်းဘုရား (၄၉၉)ဆူ ထိန်းသိမ်းပြုပြင်ပြီးခဲ့သည်ကို တွေ့ရှိရပါ ကြောင်း၊ ၂၀၁၆ ခုနှစ် ငလျင်လှုပ်ခတ်ပြီးနောက် ထိန်းသိမ်းရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ ကြသော ပြည်တွင်း/ ပြည်ပ ပညာရှင်များ၊ ဆက်စပ်ဌာနများ၊ အနယ်နယ်အရပ်ရပ်က လာရောက်ကူညီ ဆောင်ရွက်ခဲ့ကြသည့် ပရဟိတအသင်းအဖွဲ့များ၊ ဒေသခံများ၊ ဒေသတွင်းမှ အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် (၄) နှစ်ကာလအတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ထို့ပြင် ၂၀၂၃ ခုနှစ် မေ ၁၅ ရက်တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ပုဂံဒေသတွင် (၃) ရက် ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မိုးရေချိန် ၁၅ ဒသမ ၇၅ လက်မ အထိရှိခဲ့ပါကြောင်း၊ စူဠာမဏိဘုရား၊ ဓမ္မရံကြီးဘုရား အပါအဝင်ဘုရား (၁၅) ဆူ၏ ပရဝဏ်ထဲ၌ ရေဝင်ရောက်ခဲ့ခြင်း၊ ဘုရား (၈) ဆူ၏အစိတ်အပိုင်း အချို့ထိခိုက်ပျက်စီးမှုဖြစ်ခြင်း၊ ရှေးဟောင်းအဆောက်အအုံ စေတီပုထိုး (၄၅) ဆူ အနည်းငယ် ထိခိုက်ပျက်စီးမှုဖြစ်ခြင်းတို့ကိုထပ်မံတွေ့ရ၍ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဒေသဆိုင်ရာ တာဝန်ရှိသည့်ဌာနများ ပူးပေါင်းဆောင်ရွက် ခဲ့သည်ကို တွေ့ရှိရပါကြောင်း။
ထိခိုက်ပျက်စီးမှုများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ပြုပြင် ထိန်းသိမ်း ရေးဆောင်ရွက်ခဲ့ရာတွင် ထိခိုက်ပျက်စီးမှု (၈) ဆူမှာ (၇) ဆူအား ပြုပြင် ထိန်းသိမ်းပြီးစီးခဲ့ပြီး သဗ္ဗညုဘုရား တံတိုင်းအနည်းငယ်ပျက်စီးမှုမှာ တရုတ်ပညာရှင်အဖွဲ့က ဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ ထပ်မံတွေ့ရှိရသည့် အနည်းငယ်ထိခိုက်ပျက်စီးခဲ့သော (၄၅) အနက်မှ (၃) ဆူပြုပြင်ပြီးစီးပြီး ကျန် (၄၂) ဆူကို ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပရဝဏ်အတွင်း ရေဝင်ရောက်ခဲ့သည့် ဘုရား (၁၅) ဆူအနက် စူဠာမဏိ ဘုရားပရဝဏ်မှာ ရေဝင်ရောက်မှု အများဆုံးဖြစ်ခဲ့သည့်အတွက် နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက် အတိုင်း ဘုရားပရဝဏ်အတွင်း မြေမျက်နှာပြင် အနိမ့်အမြင့်တိုင်းတာ မြေညှိခြင်း၊ ရေထွက်ပေါက် အဟောင်းများ ရှာဖွေပြုပြင်ခြင်း၊ လိုအပ်မည့်နေရာများတွင် မူလပုံစံ မပျက်စေဘဲ အသစ်ထပ်မံဖောက်လုပ် စေခြင်းတို့ဆောင်ရွက်ခဲ့ရာ အားလုံးပြီးစီးပြီဖြစ်ပါကြောင်း၊ အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ပူးပေါင်းပါဝင်ကြသူ များအားလုံးကို နိုင်ငံတော်ကိုယ်စား မှတ်တမ်းတင် ပါကြောင်း။
ပုဂံဒေသ၏ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ထပ်မံဖြစ်ပွားလာနိုင်တဲ့ သဘာဝဘေးအန္တရာယ်များအတွက်ပါ ကြိုတင်မျှော်မှန်းပြီး နှစ်အလိုက် အဆင့်ဆင့် ကြိုတင်ကာကွယ်ထိန်းသိမ်းရေး ဆောင်ရွက်သွားရန် ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ နည်းပညာ အကူအညီနှင့် အကြံဉာဏ်များ ရယူခဲ့သည့်အပြင် အသုံးပြုသည့်ပစ္စည်းများကိုလည်း ရှေးဟောင်းအမွေအနှစ် နှင့်ကိုက်ညီပြီး စံချိန်စံညွှန်းပြည့်မီသော ပစ္စည်းများဖြစ်ရန်အတွက် သက်ဆိုင်ရာဆက်စပ် ဝန်ကြီးဌာနများက အကူအညီပေးရန် ပြည်တွင်း/ ပြည်ပ ပညာရှင်များနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအားလုံး စဉ်ဆက်မပြတ် ညှိနှိုင်းတိုင်ပင်ပြီး စည်းစည်းလုံးလုံးဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း။
ငလျင်ဒဏ်သင့်ပုဂံစေတီပုထိုးများအတွက် ပြည်တွင်း/ ပြည်ပက သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းကြသော အလှူငွေများလက်ခံရရှိခဲ့သဖြင့် စိစစ်ကြီးကြပ်မှု၊ စစ်ဆေးမှုနှင့် စနစ်တကျ အကျိုးရှိရှိ သုံးစွဲပြီး ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ဆက်လက် ထိန်းသိမ်းစီမံခန့်ခွဲနိုင်ရန်အတွက် နှစ်ကာလအလိုက်စီမံချက်များ ချမှတ်ဆောင်ရွက်ပြီး လိုအပ်သလို ကျန်ရှိသည့်အလှူငွေများကိုလည်း ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီများက စနစ်တကျကြီးကြပ်စီမံခန့်ခွဲကြရန် လိုအပ်ပါကြောင်း။
ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သောကြောင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် ပြည်တွင်း/ ပြည်ပ ပညာရှင်များနှင့် ဖွဲ့စည်းထားသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ အကြံပြုချက်များ၊ နိုင်ငံတကာတွင် လက်ခံအသုံးပြု နေသော ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌက မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းဘုရား၊ စေတီပုထိုး များ နှင့်သာသနိကအဆောက်အအုံများကို ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှုနှင့် ဆောက်ရွက်ဆဲ အခြေအနေ၊ အလှူခံရရှိသည့်အလှူငွေများ ထိန်းသိမ်းထားရှိမှုနှင့် သုံးစွဲမှုအခြေအနေ၊ မိုခါမုန်တိုင်း ရိုက်ခတ်မှုကြောင့် မိုးရွာသွန်းမှုများပြားပြီး ရေဝင်ရောက်မှု၊ ပျက်စီးမှုအချို့သက်ရောက်ခဲ့သည့် ဘုရားပုထိုးများ ပြုပြင် ထိန်းသိမ်းဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဦးစီးကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိန်း ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ဦးစီးကော်မတီတွဲဖက်အတွင်းရေးမှူး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် အမှာစာများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူးက ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းအမွေအနှစ်များ ပြုပြင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုနှင့် လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးက စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှုအမွေအနှစ်များ ပြုပြင်ထိန်းသိန်းရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးအကြံပြု တင်ပြကြရာ ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိ နှိုင်းပေးသည်။
ဆက်လက်၍ ကော်မတီဥက္ကဋ္ဌက တင်ပြလာသည့်အမှာစာများကို ဆက်လက်တင်ပြရန် ကိစ္စရပ်များ နှင့် ကော်မတီ၏အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ရန်ကိစ္စရပ်များကို အတည်ပြုသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ငလျင်ဖြစ်ပြီးသည့် (၄) နှစ် အတွင်းမှာ ဦးစီးကော်မတီအစည်းအဝေး (၅)ကြိမ်၊ ပညာရှင်အဖွဲ့ (Technical Expert Team-TET) အစည်းအဝေးကို (၂၄) ကြိမ် ကျင်းပပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၆ ခုနှစ် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံနှင့် စေတီပုထိုး (၃၈၉) ဆူအနက် သဗ္ဗညုဘုရားကြီး သည် ကြံ့ခိုင်မှုအနေဖြင့် တရုတ်ပညာရှင်အဖွဲ့က ကနဦးလုပ်ထားသည့် အခြေအနေအတိုင်း ထူးခြားမှုမရှိသည်ကို သိရှိရပါကြောင်း။
၂၀၂၃ ခုနှစ် မတ်လမှစတင်၍ တရုတ်ပညာရှင်အဖွဲ့ရောက်ရှိနေခဲ့ပြီး လိုအပ်သည့်ဆောင်ရွက်ချက် များ ပြုလုပ်လျက်ရှိသည့်အတွက် မကြာမီကာလတွင် သဗ္ဗညုဘုရားပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဟုသိရှိရပါကြောင်း၊ အနာဂတ်ကာလ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၏ ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရာတွင် နိုင်ငံတော်အဆင့်အနေနှင့် ဆက်လက်ညှိနှိုင်း စီမံပေးသွားမည် ဖြစ်ပြီး ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ယခုကဲ့သို့ပင် အားလုံးက ဝိုင်းဝန်း ပူးပေါင်းဆွေးနွေးစစ်ဆေး အကြံပြုဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြန်လည် ပြုပြင်မွမ်းမံသည့်လုပ်ငန်းနှင့် မိုခါမုန်တိုင်းဒဏ်ကြောင့် ဘုရားပုထိုးစေတီများ ရေဝင်ရောက်မှုနှင့် ထိခိုက် ပျက်စီးမှုများကို ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဦးစီးကော်မတီဝင်များ၊ ဆက်စပ်ဝန်ကြီးဌာန များနှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဒေသဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့များ၊ ပညာရှင်အဖွဲ့မှပညာရှင်များ ပူးပေါင်းပါဝင်ခဲ့သူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ၏ ရှေးဟောင်းအဆောက်အအုံများ ရှေ့ဆက်ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းများတွင်လည်း ဆက်လက်ပူးပေါင်းပါဝင်ကူညီပေးကြရန် ပြောကြားသည်။
သတင်းစဉ်