ဩဂုတ် ၂၉
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ဩဂုတ်လ ၂၉ ရက်နေ့ က ဖလမ်းမြို့ပြည်သူ့ဆေးရုံ အပျက်အစီးများရှင်းလင်းဖယ်ရှားမှု ကြည့်ရှုစစ်ဆေးပြီး ဖလမ်း နှစ်ခြင်းအသင်းတော်တွင် ကျင်းပပြုလုပ်သည့် ထာဝရဘုရားထံ ဖလမ်းမြို့ ပြန်လည်ဆက်ကပ် အပ်နှံခြင်း ဆုတောင်းပွဲသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များသည် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌတို့နှင့်အတူ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ပျက်စီးသွားသည့် ဖလမ်းမြို့ပြည်သူ့ဆေးရုံ အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
အကြမ်းဖက်ဖြစ်စဥ်များကြောင့် ပျက်စီးသွားသည့် ပြည်သူ့ဆေးရုံရှိ အပျက်အစီးများ ရှင်းလင်းဖယ်ရှားခြင်းကို နယ်မြေခံတပ်မှ တပ်မတော်သားများနှင့် ဒေသခံများမှ အပျက်အစီးများအား လူအား၊ စက်အားဖြင့် ရှင်းလင်းဖယ်ရှားနေမှုကို ကြည့်ရှုစစ်ဆေးသည်။ အကြမ်းဖက်ဖြစ်စဥ်များကြောင့် ဖလမ်းမြို့ပြည်သူ့ဆေးရုံရှိ ၂ ထပ် လူနာဆောင်၊ ဖျားနာဆောင်၊ ဓါတ်မှန်၊ ဓါတ်ခွဲခန်း၊ Oxygen Plant၊ ခွဲစိတ်ဆောင်(အဟောင်း)၊ သားဖွားမီးယပ်ဆောင်(အဟောင်း)၊ အရိုးကုသဆောင်(အဟောင်း)နှင့် ဆေးစတိုခန်းများ အလုံးစုံပျက်စီးခဲ့ခြင်း ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဖလမ်း နှစ်ခြင်းအသင်းတော်တွင် ကျင်းပပြုလုပ်သည့် ထာဝရဘုရားထံ ဖလမ်းမြို့ ပြန်လည်ဆက်ကပ် အပ်နှံခြင်း ဆုတောင်းပွဲသို့ တက်ရောက်သည်။ အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးတို့က အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးမှ ဆုတောင်းပွဲ ညစာစားပွဲအတွက် ဆန် ၅ အိတ်နှင့် ဆီ ၁၀ ပိဿာအား ပေးအပ်လှူဒါန်းရာ မြို့မိမြို့ဖဥက္ကဋ္ဌက လက်ခံရယူခဲ့ပါသည်။
အကြမ်းဖက်ဖြစ်စဥ်များကြောင့် စွန့်ခွာထွက်ပြေးခဲ့ကြရသည့် ဖလမ်းမြို့ဒေသခံများသည် ၂၀၂၆ခုနှစ် မေလ ၆ ရက်နေ့မှ စတင်၍ ဖလမ်းမြို့သို့ နေရပ်ပြန်လည်နေထိုင်လာကြပြီး ဖလမ်းမြို့အေးချမ်းသာယာရေးနှင့် ပြန်လည်ဖွံ့ဖြိုးစည်ကားစေရေးအတွက် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြည်လည်တည်ဆောက်ရေး ကော်မတီနှင့်အတူ ပူးပေါင်းဆောင်ရွက်လာကြသည့်အတွက် ယခုလိုဆုတောင်းပွဲအား ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ တီးတိန်မြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တီးတိန်မြို့၊ မြို့တွင်းသန့်ရှင်းသာယာလှပရေးအတွက် စကောလမ်းရပ်ကွက်၊ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးအနီးဝန်းကျင်နှင့် ကမ်းဟောက် လမ်းမကြီးနှင့် အထက(၁)ကျောင်းလမ်းကြား မြေထိန်းနံရံတစ်လျှောက် ခြုံနွယ်များခုတ်ထွင် ရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ စုစုပေါင်းအင်အား ၂၅၀ ဦးဖြင့် ဆောင်ရွက်ခဲ့ပါသည်။
ထို့အတူ တွန်းဇံမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ခေါဝုန်လေးဆန်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ ဆေးရုံဝင်းအတွင်း နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ စုစုပေါင်းအင်အား ၃၁၃ ဦး တို့က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။