နေပြည်တော် ဇွန်လ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် သည် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီ အား ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံသည် ။
တွေ့ဆုံစဉ် နိုင်ငံတော်၏ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိစေရေး၊ တိုင်းရင်းသား/တိုင်းရင်းသူများ၏ အတွေ့အကြုံ ဗဟုသုတအမြင်များ ပြည့်စုံစေရေးအတွက် ဆောင်ရွက်ပေးနေမှု ကိစ္စရပ်များ၊ IDPs များနှင့် ပတ်သက်၍ စားဝတ်နေရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဝန်ကြီးဌာန၏ ကာလတို၊ ကာလရှည် လုပ်ငန်းစီမံချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှု ဆိုင်ရာများ၊ ရခိုင်ပြည်နယ်ရှိ နှစ်ဖက်လူ့အဖွဲ့ အစည်းအတွင်း ရေရှည်သဟဇာတဖြစ်စွာ အတူလက်တွဲနေထိုင်ရေးနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ရင်းနှီးစွာဆွေးနွေးကြ သည်။
ယင်းသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)