ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသ ကျေးရွာချင်းဆက်လမ်းများ အပြီးသတ်ဖောက်လုပ်

၂၀၂၀ နိုဝင်ဘာ ၂၀

            နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)နယ်မြေအတွင်းရှိ ကွတ်ခိုင်မြို့နယ် အတွင်း‌ တောင်ပေါ်ကျေးရွာများရှိ နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးအတွက် ကျေးရွာချင်းဆက်လမ်းများအား  စီမံကိန်းများချမှတ်ကာ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(လားရှိုး)မှ သိရှိရပါသည်။

            အဆိုပါတောင်ပေါ်ဒေသ ကျေးရွာချင်းဆက်လမ်းများအနက် ကွတ်ခိုင်မြို့နယ် မိုင်းယုလေး - ဂျုံနော - ရှောက်ပန်းကုန်း - မုံးဝီးလမ်းမှာ လမ်းအရှည်(၂၇/၀)မိုင်ရှိပြီး အဆိုပါလမ်းပိုင်းအား နယ်စပ် ရေးရာဝန်ကြီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်ကာ မြေသားလမ်း (၁၀/၀) မိုင်အား လည်းကောင်း၊  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်း (၁၀/၀) မိုင်အားလည်းကောင်း ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်း(၂/၄)မိုင်အား ဆောင်ရွက်ခဲ့ကာ စုစုပေါင်းလမ်းအရှည် (၂၂/၄) မိုင်အား မြေသားလမ်းအဆင့်အဖြစ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။

            ယခုအခါ အဆိုပါလမ်းပိုင်းအနက်မှ ကျန်ရှိသည့် လမ်းပိုင်းဖြစ်သော (၄/၄) မိုင်အား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၈၆.၃၀၈) သန်းဖြင့် မြေသားလမ်းအပြီးသတ် ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ပါသည်။ အဆိုပါ တောင်ပေါ်ဒေသကျေးရွာချင်းဆက် လမ်းဖောက်လုပ်ပြီးစီးသွားပါက တောင်ပေါ်ကျေးရွာများဖြစ်သော ကျေးရွာ( ၁၈ ) ရွာနှင့် အိမ်ခြေ (၁၄၉၃) ခုမှ လူဦးရေ (၁၁၃၂၃) ဦးတို့မှာ ကွတ်ခိုင်မြို့နှင့် နမ့်ခမ်းမြို့တို့သို့ အချိန်တိုအတွင်း သွားလာနိုင်တော့မည်ဖြစ်ကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ခံစားလာရမည်ဖြစ်ကြောင်း သိရှိရပါသည်။