သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြခြင်းများ ဆောင်ရွက်

စစ်ကိုင်း၊  စက်တင်ဘာ

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်းနှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်းတို့တွင် ယမန်နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ် တားဆီး စီမံခန့်ခွဲရေးအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။

          အခမ်းအနားသို့‌ ဖွံ့ဖြိုးရေးတက္ကသိုလ်၊စစ်ကိုင်း ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒီဂရီကောလိပ်၊စစ်ကိုင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် အသိပညာပေး ခြင်းနှင့် မီးငြှိမ်းသတ်ရေးအသိပညာပေး ဟောပြောခြင်း၊  တက္ကသိုလ်၊ ဒီဂရီကောလိပ်ရှိ သဘာဝဘေး ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ဖွဲ့စည်းထားသော (Rescue Team) အဖွဲ့ဝင် များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး၊  မီးငြိှမ်းသတ်ရေး၊ ရှေးဦးသူနာပြုစုခြင်းနှင့်  လူနာများရွှေ့ထုတ်ခြင်း စသည်တို့ကို လက်တွေ့ သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ပါသည်။ 

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း ၃၀ တို့တွင် ဆရာ၊ ဆရာမများ ကြီးကြပ်လျက် ကျောင်းသား၊ ကျောင်းသူများဖြင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့ (Rescue Team)များကို အင်အား ၂၃၀၀ ဦးဖြင့်  ဖွဲ့စည်းထားပြီး သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။