
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ် နမ့်တိန်းချောင်းကူး ပေ ၂၅၀ ဘေလီ တံတားဖွင့်ပွဲကို မေ ၃ ရက် နံနက် ၈ နာရီက အဆိုပါနေရာ၌ ကျင်းပသည်။
ယခုတံတားကြီး တည်ဆောက်ပြီးစီးခဲ့သည့်အတွက် ကျေးရွာအုပ်စုနှစ်အုပ်စု ကျေးရွာ ပေါင်း ၁၉ ရွာ၊ အိမ်ထောင်စုပေါင်း ၁၈၈၄ စု၊ လူဦးရေပေါင်း ၉၅၀၆ ဦးအား အကျိုးပြုမည်ဖြစ်ပြီး ယခင်က လင်းခေးမြို့နှင့် ဟိုတင့်ရွာရှိ ဒေသခံပြည်သူများ ကူးလူးသွားလာရာတွင် လှေ၊ သမ္ဗန်များ ကို အသုံးပြုခဲ့ရသည့်အတွက် အခက်အခဲများရှိခဲ့သော်လည်း ယခုအခါ အချိန်မရွေး အလွယ်တကူ သွားလာနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုအဆင်ပြေလာသည့် အလျောက် လူမှုစီးပွားဘဝများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ နမ့်တိန်းချောင်းကူး တံတား တည်ဆောက်ပြီးစီးခဲ့သည့်အတွက် လင်းခေးခရိုင်အတွင်းရှိ စိုက်ပျိုးမြေ ၅၉၀၂ ဧကမှ ထွက်ရှိသော စိုက်ပျိုးသီးနှံများအား တင်ပို့ရောင်းချရာတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း အဆိုပါတံတားဖွင့်ပွဲ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး(တောင်ကြီး) ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးက နမ့်တိန်းချောင်းကူးတံတား ပေ ၂၅၀ ဘေလီတံတား တည်ဆောက်မှု လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လင်းခေးမြို့ဒေသခံ ဦးစိုင်းနော်ခမ်းက ကျေးဇူးတင်စကား ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ နယ်စပ်ရေးရာ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့အား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် နမ့်တိန်းချောင်းကူးပေ ၂၅၀ ဘေလီတံတားအား ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နမ့်တိန်း ချောင်းကူး ပေ ၂၅၀ ဘေလီတံတားအား အမွေးနံ့သာရည် ပက်ဖျန်းပေး၍ တံတားကို လှည့်လည် ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
