မေလ ၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဧပြီလ ၃၀ ရက်နေ့၊ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်)သို့ ရောက်ရှိခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် ဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံ၍ ကျောင်းအုပ်ကြီးက အုပ်ချုပ်ရေး၊ လေ့ကျင့်ရေး၊ သင်ကြားရေးဆိုင်ရာ အချက်အလက်များနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ ပါမောက္ခ/ဌာနမှူးများက သင်ကြားရေးဆိုင်ရာ လိုအပ်ချက်များအားလည်းကောင်း ရှင်လင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် အသင့်ဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်ရန်များ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံပြီး ပညာရည်တိုးတက် မြင့်မားရန် ပျိုးထောင်ပေးရမည့် အချက်များ၊ ကျောင်း၏ ဥပဓိရုပ် ကောင်းမွန်စေရေး၊ အိပ်ဆောင်များ၊ စာသင်ဆောင်၊ စားရိပ်သာများ ကြိုတင်ပြင်ဆင်ထားရှိရေး၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များ၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စရပ်များ၊ မကြာမီ ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) အတွက် ကြိုတင်ပြင်ဆင်ရမည့် အချက်များအား မှာကြားပြီး တင်ပြချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် အားကစားကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ အိပ်ဆောင်နှင့် စားရိပ်သာတို့တွင် ရေစင်တည်ဆောက်ခြင်းလုပ်ငန်း၊ အိပ်ဆောင်များတွင် ဘေစင်ကောင်တာများနှင့် အနောက်တိုင်း အိမ်သာ တပ်ဆင်ခြင်းလုပ်ငန်း၊ သုံးထပ်ပင်မဆောင်အတွင်း ပန်းဥယျာဉ်ငယ် တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီးမှုနှင့် ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိပြီး ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ခရိုင်ရုံး သိုလှောင်ရုံတွင် ထိန်းသိမ်းထားရှိသော ယာဉ်၊ ယန္တရားကြီးများ အသုံးပြုနိုင်မှုနှင့် ကြံ့ခိုင်မှု အခြေအနေများ၊ သိုလှောင်ထားရှိသည့် ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ၏ အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ပြင်ဆင်ပြီး ယာဉ်ယန္တရားဂိုဒေါင်များ၊ ယာဉ်ယန္တရားကြီးများ ထိန်းသိမ်းထားရှိမှု၊ ကြံ့ခိုင်မှု၊ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေး လုပ်ငန်းများ၏ ပြီးစီးမှုတို့ကို စစ်ဆေး၍ ဝန်ထမ်း မိသားစုဝင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ရာသီ သီးနှံစိုက်ခင်းများ၊ ကြက်ခြံများနှင့် ငါးမွေးမြူရေးကန်တို့အား လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ ဗဟို လေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးက Japan Myanmar Assosiation(JMA)နှင့် MoU လက်မှတ်ရေးထိုး၍ သင်တန်းများ အမြန်ဖွင့်လှစ်ရန် သင်တန်းသား၊ သင်တန်းသူများအတွက် အိပ်ဆောင်များ၊ ပရိဘောဂများ၊ သင်ထောက်ကူပစ္စည်းများ ကြိုတင်ပြင်ထားရှိရန်နှင့် မကြာမီ ဖွင့်လှစ်မည့် ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့် တိုင်းရင်သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင်မှုသင်တန်း အမှတ်စဉ်(၉)အတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားရှိရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ပြီး လေးထပ်အိပ်ဆောင်၊ သင်တန်းများ ထပ်မံဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိသည့် စားရိပ်သာများ၊ အိပ်ဆောင်၊ စာကြည့်တိုက်နှင့် စာသင်ဆောင်တို့အားလည်းကောင်း၊ ဝန်ထမ်းအိမ်ရာ မြေလွတ်နေရာများတွင် ဆောင်ရွက်လျက်ရှိသည့် Green House များနှင့် ငါးမွေးမြူ ထားရှိမှု အခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။