၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပွင့်လင်းမြင်သာစွာ တင်ဒါဖွင့်လှစ်ဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာလ ၁၅ ရက်
    နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နယ်စပ်ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သန်းပေါင်း (၄၆၂၆၇.၁၁၄) သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လမ်းတံတားလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ စိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ သောက်သုံးရေရရှိရေး လုပ်ငန်း၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်း၊ အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း၊ သာသနာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ဒါများ ခေါ်ယူခဲ့ပြီး ယနေ့နံနက် (၁၀၀၀) ချိန်တွင် တင်ဒါဖွင့်လှစ်ပွဲ အခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၄၂) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ တင်ဒါစိစစ်ရွေးချယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
    ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ `ဝ´ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားပိုင် ကုမ္မဏီပေါင်း (၃၆၉) ခုတို့အား တင်ဒါခေါ်ယူ၍ ပွင့်လင်းမြင်သာစွာ ဖွင့်လှစ်ရွေးချယ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph