အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ

နေပြည်တော်  ဇွန်  ၂၀
      အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌  ဆက်လက်ကျင်းပသည်။
   တွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာ အောင်မြတ်ဦးနှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
   တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသူများက ပထမနေ့ဆွေးနွေးပွဲ၌ မပြီးပြတ်သေးသည့်  ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)မှ ပြင်ဆင်ရန်သင့်သည်ဟု သုံးသပ်ယူဆရသော အချက်များ၊ ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ အထွေထွေဆွေးနွေးချက်များအား ဆက်လက်ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားများအား အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။ ယင်းနောက် နှစ်ရက်တာဆွေးနွေးပွဲ၌ နှစ်ဖက်ဆွေးနွေးချက်များအရ ရရှိလာသည့် သဘောထားများအား သဘောထား စုစည်းချက်များအဖြစ် မှတ်တမ်းတင်ခဲ့ကြသည်။
   ထို့နောက် နိုင်ငံရေးပါတီများ အစုအဖွဲ့၏  အလုပ်အဖွဲ့ခေါင်းဆောင်  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာအောင်မြတ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။      
 

video-upload