နေပြည်တော် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ ခေတ်မီမော်တာ အထည်ချုုပ်စက် သင်တန်းအမှတ်စဉ် (၁၅) ဆင်းပွဲအခမ်းအနားအား (၁၅-၁၁-၂၀၁၆) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးက ယနေ့အချိန်သည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရာ၌ ဝန်ကြီးဌာနအသီးသီးက လုပ်ငန်းကဏ္ဍအလိုက် ရေတို၊ ရေရှည်စီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့ ဝန်ကြီးဌာနသည်လည်း မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွား မြင့်မားလာစေရေးအတွက် ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းများအား ဖွင့်လှစ်ပေးခဲ့ရာ ယခုအခါ (၁၅) ကြိမ်မြောက်သို့ ရောက်ရှိပြီဖြစ်ပါကြောင်း၊ သင်တန်းသူများအနေဖြင့်လည်း မိမိတို့ တတ်မြောက်ကျွမ်းကျင်သည့် ပညာဖြင့် လက်တွေ့ဘဝတွင် အကျိုးရှိရှိအသုံးချသွားကြရန်နှင့် မိမိတို့ဒေသ ဖွံ့ဖြိုတိုးတက်ရေး၊ နိုင်ငံတော်၏ ထုတ်ကုန်စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးတရားများကို သိရှိနားလည်ပြီး မိမိဘ၀ တိုးတက်မြင့်မားအောင် တာဝန်သိစိတ်၊ တာဝန်ယူစိတ်၊ တာဝန်ခံစိတ်တို့ဖြင့် လုပ်ကိုင်ဆောင်ရွက်စေ လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ယင်းနောက် သင်တန်းဆင်း သင်တန်းသူ (၉၉) ဦးအား အောင်လက်မှတ်များပေးအပ်ခဲ့ပြီး အထည်ချုပ်စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်မည့် သင်တန်းသူ (၉၇) ဦးအား အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ယင်းမှတစ်ဆင့် Myanmar Synergy Garment Co.,Ltd.၊ Su Yu Ei Garment Co.,Ltd.၊ Honeys Garment Industry Limited၊ Golden Sky အထည်ချုပ်စက်ရုံများသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ အထည်ချုပ်လုပ်ငန်းများမှ တာဝန်ရှိသူများက လက်ခံပြီး သင်တန်းသူများအား အလုပ်ခန့်အပ်လွှာများပေးအပ်ခဲ့ပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြည်သူလူထုများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ခေတ်မီမော်တာအထည်ချုပ်စက် သင်တန်းအမှတ်စဉ် (၁၄) ထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းတက်ရောက်ပြီးသူ (၁၇၄၈) ဦးမှ သင်တန်းသူ (၁၇၁၄) ဦးမှာ အထည်ချုပ်စက်ရုံများတွင် အလုပ်အကိုင်များ ရရှိနေကြပြီးဖြစ်သည်။