လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တတိယနေ့ အခမ်းအနား ဆက်လက်ကျင်းပ

နေပြည်တော်     ဇန်နဝါရီ      ၁၅
    လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ တတိယနေ့အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
    အဆိုပါအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်  အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လူမှုရေးရာ ဝန်ကြီးများ၊ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် နယ်ပယ်အသီးသီးမှ အသိပညာရှင်၊ အတတ် ပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အလွှာအသီးသီးမှ လူငယ်ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ လူငယ်ကိုယ်စားလှယ် များ၊ တိုင်းရင်းသားယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှု အမျိုးမျိုးမှ လူငယ် ကိုယ်စားလှယ်များ၊ နယ်စပ်ဒေသများမှ တိုင်းရင်းသားလူငယ်များ၊ အခြားဖိတ်ကြားထားသည့် လူငယ် ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။ 
    ဦးစွာ လူငယ်ကွန်ရက်များ ဖွဲ့စည်း၍ ကွန်ရက်အလိုက် စီမံချက်အဆိုပြုချက်များ တင်ပြခြင်း၊ ကွန်ရက်အလိုက် အဆိုပြုချက်များကို ပညာရှင်များက အကြံပြုဆွေးနွေးခြင်း၊ ကွန်ရက်အလိုက် အဆိုပြုချက်များကို လူငယ်အချင်းချင်း မဲပေးဆုံးဖြတ်ခြင်း၊ မဲပေးဆုံးဖြတ်သည့်အပေါ် ပညာရှင်အဖွဲ့က သုံးသပ်၍ ဆုများသတ်မှတ်ခြင်း၊ လူငယ်ထုအတွင်း လျှပ်တစ်ပြက်စစ်တမ်း၊ ဆန္ဒကောက်ယူခြင်း တို့ကို ဆောင်ရွက်ကြသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ကွန်ရက်အလိုက်   စီမံချက် အဆိုပြုချက်များနှင့်စပ်လျဉ်း၍  အဖွဲ့လိုက်ဆွေးနွေးမှုတွင် ပထမဆုနှင့် ဒုတိယဆုရရှိကြသူများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက တတိယဆုရရှိကြသူများကို လည်းကောင်း   ဆုများပေးအပ်ချီးမြှင့်ကြသည်။
    ယင်းနောက် ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ဖိုရမ်တွင် ဆွေးနွေးခဲ့ကြသည့် ပညာရှင်များကိုလည်းကောင်း၊ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)က ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသူများကို လည်းကောင်း၊ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်က ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရရှိကြသူများ ကို လည်းကောင်း၊   ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်  ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်(ငြိမ်း)က ဖိုရမ် Coordinator များကိုလည်းကောင်း၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဗိုလ်ချုပ်စိုးနိုင်ဦး(ငြိမ်း)က ဖိုရမ် Facilitator များကိုလည်းကောင်း ဆုများနှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အခမ်းအနားသို့ ပံ့ပိုးကူညီ ပေးခဲ့ကြသည့်အလှူရှင်များနှင့် ဖိုရမ်ဂုဏ်ပြုတေးသီချင်းရေးစပ် သီကုံးပေးခဲ့သူများကို လည်းကောင်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က အထောက်အကူပြုအဖွဲ့များကို လည်းကောင်း ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကြသည်။
    ယင်းနောက်   ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့က လူငယ်များ၏ အဖွဲ့လိုက် ဆွေးနွေးမှုများမှ “သတင်းအချက်အလက်နည်းပညာ သက်ရောက်မှုများ (IT)၊ ဉာဏ်ရည်တုနည်းပညာ (AI) စနစ် ထူထောင်ရေး၊ ဆိုက်ဘာ (Cyber)၊ Online Security၊ လူမှုကွန်ရက် (Social Media)နှင့် ကွန်ရက် အဖွဲ့များ၊   ထိရောက်သော သတင်းမှန်ပြန်ကြားရေးဆိုင်ရာ ဆွေးနွေးမှု”နှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးမှုကို ကြည့်ရှုအားပေးကြသည်။
    ဆက်လက်၍  အနာဂတ်နိုင်ငံ တည်ဆောက်ရေးအတွက် လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ က ထုတ်ပြန်ကြေညာသည့် လူငယ်ကြေညာစာတမ်းကို လူငယ်လေးဦးက ဖိုရမ်သို့ ဖတ်ကြားတင်ပြသည်။
    ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် ဖိုရမ်တက်ရောက်လာကြသူများသည် လူငယ်ငြိမ်း ချမ်းရေးဖိုရမ် ၂၀၂၆ သစ္စာအဓိဋ္ဌာန် လေးချက်ဖြစ်သည့် “မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်၊   မိမိကွန်ရက်ကို ခိုင်မာအောင်ဖွဲ့စည်းမည်၊   မိမိဒေသကို ငြိမ်းချမ်းအောင် ပံ့ပိုးမည်၊ မိမိနိုင်ငံအတွက် ကောင်းအောင် ကြိုးစားမည်”တို့ကို ရွတ်ဆို၍ ကြေညာစာတမ်းကို ထုတ်ပြန်သည်။ 
    ယင်းနောက်  တက်ရောက်လာကြသူ လူငယ်များကိုယ်စားလူငယ်ကိုယ်စားလှယ် လေးဦးတို့က ကျေးဇူးတင်စကား ပြောကြားသည်။ 
    ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က  ဆွေးနွေးမှုရလဒ်များကို ရှင်းလင်းဆွေးနွေး ပြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်  ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး  အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Post Paragraph
video-upload