နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လမ်း၊ တံတားနှင့် အဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၆) ကျင်းပပြုလုပ်

စက်တင်ဘာလ   ၉   ရက်
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ 
အစည်းအဝေးသို့ လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး၊ လုပ်ငန်းဆပ်ကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသည့်  တာဝန်ရှိသူများနှင့် တိုင်းဒေသကြီး/ ပြည်နယ် လမ်း၊ တံတားနှင့် အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌများက Zoom Application Online System ဖြင့် တက်ရောက်ခဲ့ကြပါသည်။ 
ရှေးဦးစွာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီက ချမှတ်ထားသည့် မူဝါဒများ၊ လုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့ လုပ်ငန်းဆပ်ကော်မတီအနေဖြင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်း လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သုံးလတစ်ကြိမ် အစီရင်ခံစာပြုစု၍ လုပ်ငန်းကော်မတီသို့ တင်ပြနိုင်ရေး ဌာနအလိုက် ဆောင်ရွက်သွားကြရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး စိစစ်ကြပ်မတ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်းလျာထားချက်များ တင်ပြရာတွင် ဒေသဖွံ့ဖြိုးရေးအတွက် ထိရောက်သည့် လုပ်ငန်းများဖြစ်စေရေးနှင့် နယ်မြေအခြေအနေအပေါ် မူတည်၍ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသင့်သည့် ဒေသများတွင် ဦးစားပေးလျာထားစေလိုပါကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုးမှုရှိမှလည်း နယ်မြေတည်ငြိမ်အေးချမ်းမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆပ်ကော်မတီဝင်များအနေဖြင့် မိမိတို့သက်ဆိုင်သည့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စီမံကိန်းလုပ်ငန်းများ ထပ်ခြင်းမရှိစေရေး စိစစ်ရန်၊ စီမံကိန်း လုပ်ငန်းများလျာထားခြင်း၊ အကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်ရာတွင် ထိရောက်သော ငွေကြေးသုံးစွဲမှု ဖြစ်စေရေးနှင့် လုပ်ငန်းများ၏ အရည်အသွေး ပြည့်ဝစေရေး ကြပ်မတ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါ‌ကြောင်း၊ မိမိတို့ လုပ်ငန်းဆပ်ကော်မတီ၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဖွဲ့ဝင်ဦးစီးဌာနများ အချင်းချင်း အပြန်အလှန်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်သွားကြရန်၊ နယ်စပ်ဒေသနှင့် ပြည်မတို့အကြား ဖွံ့ဖြိုးမှု ကွာဟချက် မရှိစေရေး ချမှတ်ထားသည့် တာဝန်ဝတ္တရားများနှင့်အညီ ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ 
ထို့နောက် တက်ရောက်လာသူများက ဌာနအလိုက်၊ ဒေသအလိုက် နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် အတွင်း ဆောင်ရွက်လိုသည့် လျာထားစီမံကိန်းလုပ်ငန်းများကို ရှင်းလင်းဆွေးနွေး အကြံပြုတင်ပြကြ ရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။