နေပြည်တော်၊ နိုဝင်ဘာ ၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဆောင်ရွက် လျက်ရှိသည့် ဘိန်းစိုက်ပျိုးမှုပပျောက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ ကာလဝက်ဆန်းစစ်အကဲဖြတ်မှု မစ်ရှင်အဖွဲ့ဝင်ဖြစ်သူ Mr. Akihiro MOCHIZUKI အား (၇-၁၁-၂၀၁၆) ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် JICA မှ ကာလဝက်ဆန်းစစ် အကဲဖြတ်မှု မစ်ရှင်အဖွဲ့ဝင်ဖြစ်သူ Mr. Akihiro MOCHIZUKI မှ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ အကျိုးရလဒ် ဖြစ်ထွန်းမှုအခြေအနေ၊ စီမံကိန်းမူဘောင်ပြင်ဆင်ရေး ကိစ္စရပ်များ၊ စီမံကိန်းရေရှည် တည်တံ့ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ အသီးသီး ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြပါသည်။