
နေပြည်တော် ဇွန် ၁၉
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယမန်နေ့ နံနက်ပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အစည်းအဝေးသို့ လုပ်ငန်းဆပ်ကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး/ ပြည်နယ် လမ်း၊ တံတားနှင့် အဆောက်အဦ ဖွံ့ဖြိုးရေး လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများ ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က မိမိတို့ဆပ်ကော်မတီမှ တာဝန်ယူ ဆောင်ရွက်ရသည့် နယ်စပ်ဒေသများ၏ လမ်း၊ တံတားနှင့် အဆောက်အဦ ဖွံ့ဖြိုးရေးကိစ္စရပ် များသည် နယ်စပ်ဒေသများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျသည့် အရေးကြီးဆုံး အခန်းကဏ္ဍဖြစ်ကြောင်း၊ ဝန်ကြီးဌာနအလိုက် ရေးဆွဲထားသည့် နှစ်တို၊ နှစ်ရှည် စီမံကိန်းများကို လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဆပ်ကော်မတီဝင် ဦးစီးဌာန များအနေဖြင့် မိမိတို့ဌာန၏ မဟာဗျူဟာ ရည်မှန်းချက်များနှင့်အညီ လျာထားသတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လမ်းတံတားနှင့် အဆောက်အဦ ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာနှစ်များ အလိုက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသည့် ဆပ်ကော်မတီဝင်ဌာနများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် လမ်း၊ တံတား နှင့် အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများက ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ဌာနအလိုက် လမ်း၊ တံတားနှင့် အဆောက်အဦလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းများနှင့်ဘဏ္ဍာငွေ လျာထားဆောင်ရွက်မှုများ၊ နှစ်ဆက်လုပ်ငန်းများအတွက် သက်ဆိုင်ရာဘဏ္ဍာနှစ်များတွင် ဆက်လက်လျာထား အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြ ကြရာ ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်း အကြံပြုဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများ၏ တင်ပြချက်များနှင့် အကြံပြုချက် များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးပြီး လမ်း၊ တံတားနှင့်အဆောက်အဦဖွံ့ဖြိုးရေးနှင့်စပ်လျဉ်း၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများအား ဘဏ္ဍာနှစ်များအလိုက် အောင်မြင်အောင် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် ဆောင်ရွက်ပြီးသည့် လုပ်ငန်းများကိုလည်း ရေရှည်တည်တံ့အောင် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်အချိန် ကာလအတွင်းပြီးစီးရေး ကြပ်မတ်ဆောင်ရွက်ရန် နှင့်စီမံကိန်းများလျာထားခြင်း၊ အကောင်အထည်ဖော်ခြင်းများဆောင်ရွက်ရာတွင် ထိရောက်သည့် ငွေကြေးသုံးစွဲမှုဖြစ်စေရေးနှင့် လုပ်ငန်းများ၏ အရည်အသွေးပြည့်ဝစေရေး ကြပ်မတ်ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း နိဂုံးချုပ်စကား ပြောကြား၍ အစည်းအဝေးအား ၁၂၀၀ နာရီအချိန်တွင် ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
