နယ်စပ်ရေးရာ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ အမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မေလ ၂၁ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ အမှတ်စဉ် (၂၂) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အလုပ်တာဝန်ပေး ခန့်အပ်ပေးမည့် ဝန်ကြီးဌာန ၄ ခုမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် လက်ရှိအချိန်ကာလတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်‌ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် မဟာဗျူဟာ၊ မူဝါဒ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များကို ချမှတ်၍  ထိရောက်အောင်မြင်စွာ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသား လူမျိုးများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုများ ပိုမိုရရှိလာပြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုများ တိုးတက်လာမည် ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးအကြားအလတ်မရှိ ဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံတော်တွင် မှီတင်းနေထိုင်ကြ သည့် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ပြီး အရေးကြီးသည့်အခန်းကဏ္ဍ တစ်ခုဖြစ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်တာဝန်များကို ပခုံးပြောင်းကြရမည့် မျိုးဆက်သစ်လူငယ်တွေအတွက် နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်မည် ဗလငါးတန် နှင့် ပြည့်စုံသည့် အတတ်ပညာရှင်၊ အသိပညာရှင်ဖြစ်အောင် ကြိုးစားကျင့်ကြံနေထိုင်သွားကြရန်၊ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ထိထိရောက်ရောက် ပါဝင်‌ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ကို စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အချိန်ထိ ဝိဇ္ဇာဘွဲ့ ၇၃၁ ဦး၊ သိပ္ပံဘွဲ့ ၁၅၅၂ ဦး၊ B.Tech ဘွဲ့ ၁၃၅ ဦး၊ AGTI ဒီပလိုမာ ၁၁၂၃ ဦး စုစုပေါင်း ၃၅၄၁ ဦး တို့ကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အားပေး ထောက်ပံ့လေ့ကျင့်သင်ကြားပေးမှု၊ ကျောင်းသား၊ ကျောင်းသူများ၏ စဉ်ဆက်မပြတ် ကြိုးစား အားထုတ်လေ့လာမှုများကြောင့် ယခုအခါ မဟာဝိဇ္ဇာဘွဲ့ ၇၁ ဦး၊ မဟာသိပ္ပံဘွဲ့ ၁၄၇ ဦး၊ M.Res ဘွဲ့ ၅၅ ဦး၊ Ph.D ဘွဲ့ ၁၇ ဦး၊ B.E ဘွဲ့ ၃၀၁ ဦး၊ M.E ဘွဲ့ ၁၅ ဦး၊ B.Tech ၄၅၂ ဦး အသီးသီးအောင်မြင်မှု ရရှိခဲ့ပါသဖြင့် အားရကျေနပ်ဖွယ်ဖြစ်ပါကြောင်း၊ 
သင်တန်းဆင်းမောင်တို့မယ်တို့အနေဖြင့် လေ့လာတတ်မြောက်ထားသည့် ပညာရပ်များကို တိုးတက်မြင့်မားအောင် စဉ်ဆက်မပြတ် လေ့လာဆည်းပူး၍ မိမိတို့ လုပ်ငန်းခွင်များတွင် ကြုံတွေ့ရမည့် အခြေအနေများနှင့် ပေါင်းစပ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများကို အဂတိတရား ကင်းရှင်းစွာဖြင့် အမှားအနည်းဆုံးဖြင့် အောင်မြင်အောင် အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားကြရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရာ၌ တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်အချိုးကျသည်အတွက် ပြည်တွင်းငြိမ်းချမ်း‌ရေးလုပ်ငန်းများတွင်လည်း ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ စစ်မှန် သည့် မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ဆုပ်ကိုင်ပြီး နယ်စပ်ဒေသမှ တိုင်းရင်းသားလူမျိုးများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဦးဆောင်လမ်းပြနိုင်မည့် ခေါင်းဆောင်များ၊ နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် သားကောင်းသမီးမွန်ဖြစ်အောင် ကျင့်ကြံနေထိုင် လုပ်ကိုင်ဆောင်ရွက် သွားကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာ ထူးချွန်ဆုရ ကျောင်းသား ၁ ဦးနှင့် သိပ္ပံဘာသာထူးချွန်ဆုရ ကျောင်းသား ၁ ဦးတို့အား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် ဝန်ကြီးဌာန ၄ ခုတို့မှ ကိုယ်စားလှယ်များက သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ ၁၉၉ ဦး တို့ကို  အလုပ်ခန်းအပ်လွှာများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ထူးချွန်ဆုရ ကျောင်းသား ၂ ဦးနှင့် ၎င်းတို့၏ မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကားပြောကြားခဲ့ပြီး သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ 
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဆိုပါဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူးများနှင့် တွေ့ဆုံ၍ ကျောင်းအုပ်ကြီးက ဒီဂရီကောလိပ်၏ အုပ်ချုပ်‌ရေး၊ စီမံခန့်ခွဲရေး၊ သင်ကြားရေး၊ တည်ဆောက်ရေး၊ စိုက်ပျိုးမွေးမြူရေးအခြေအနေများအား တင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒီဂရီကောလိပ်အတွင်းရှိ မိုးလုံလေလုံအားကစားရုံ၊ လေးထပ်အင်ဂျီနီယာ အလုပ်ရုံ၊ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်၊ အိပ်ဆောင်များနှင့် ၃ ထပ် ကျောင်းသူအိပ်ဆောင် တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စားရိပ်သာ၌ ကျောင်းသား၊ ကျောင်းသူများနဲ့အတူ နေ့လည်စာအား အတူတကွ သုံးဆောင်ခဲ့ပါသည်။ 
မွန်းလွှဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ ဗဟိုလေကျင့်ရေးကျောင်းသို့ ရောက်ရှိခဲ့ရာ အဆိုပါကျောင်း စုပေါင်းခန်းမ၌ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြမှု အပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး  ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းဝန်းအတွင်းရှိ သင်တန်းခန်းမများ၊ စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း ဆောင်ရွက်လျက်ရှိသည့် Green House များနှင့် ငါးမွေးမြူရေးကန်များ ပြန်လည်မွမ်းမံပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုူစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးသို့ ရောက်ရှိခဲ့ပြီး ခရိုင်ကြီးကြပ်ရေးမှူးက ဝန်ထမ်းရေးရာဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ ယန္တရားကြီးများနှင့်  ထောက်ပံ့ရေးပစ္စည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပါသည်။ ဆက်လက်၍ ယန္တရားကြီးများနှင့် ထောက်ပံ့ရေးပစ္စည်းများ ထိန်းသိမ်းထားရှိမှု၊ ရုံးဝင်းအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဖျော်ဖြေ‌ရေး အစီအစဉ်များကို ကြည့်ရှု အားပေး၍ ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း  သတင်းရရှိပါသည်။
 

Post Paragraph
video-upload