နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ ၆ လပတ်ကာလ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၊ ဩဂုတ်လ ၂၄ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊  ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ ၆ လပတ်ကာလ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ၂၃-၈-၂၀၂၂ ရက်နေ့နှင့် ၂၄-၈-၂၀၂၂ ရက်နေ့များတွင်  နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ဗဟို လေ့ကျင့်ရေးကျောင်းတို့မှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်ဦးစီးမှူးများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ ၆ လတာကာလ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းမှာကြားပြီး ဝန်ကြီးဌာနနှင့် ပတ်သက်သော ကိစ္စရပ် များအား အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာနဆိုင်ရာ အချက်အလက် များကို တင်ပြခဲ့ပြီး ဖွံ့ဖြိုးရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ဗဟိုလေ့ကျင့်ကျောင်း  ကျောင်းအုပ်ကြီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက သင်တန်းကျောင်း ဆိုင်ရာအချက်အလက်များ၊ တည်ဆောက်ရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုများ၊ မိုးရာသီသစ်ပင် စိုက်ပျိုးထားရှိမှု၊ ဝန်ထမ်းသက်သာ ချောင်ချိရေး အတွက် စိုက်ပျိုး/ မွေးမြူထားရှိမှု၊  အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်မှု အခြေအနေ နှင့် အထွေထွေကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေး ပထမနေ့ကို ညနေပိုင်းတွင် ရုတ်သိမ်းခဲ့ပါသည်။  
အစည်းအဝေး ဒုတိယနေ့အား ယနေ့နံနက်ပိုင်း ဆက်လက်ကျင်းပပြုလုပ်ရာ ရှေးဦးစွာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာနဆိုင်ရာ အချက်အလက်များကို တင်ပြခဲ့ပြီး ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးမှ ဒေသဖွံ့ဖြိုးမှု ကြီးကြပ် ရေးမှူးများက ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ မတ်လ အထိ ၆ လ ဘဏ္ဍာရေးကာလ အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း ဒေသဖွံ့ဖြိုးမှုဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ရှေ့ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လွှဲပြောင်းပေးအပ်ခဲ့သည့် လမ်းများနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ပါသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး နှင့် ဗိုလ်ချုပ်ဖြိုးသန့် တို့က ၆ လပတ် ကာလအတွင်း  ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် အားသာချက်၊   အားနည်းချက်များနှင့် ရှေ့ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံများအား ဖြည့်စွက်ရှင်းလင်း ဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား ၍အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

video-upload