နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကော့သောင်း၊ ဘုတ်ပြင်း၊ ဇာဒက်ကြီးကျွန်း မြို့နယ်များသို့ (၁၆-၁၂-၂၀၁၇)ရက်နေ့မှ (၂၀-၁၂-၂၀၁၇) ရက်နေ့အထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

     ရှေးဦးစွာ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် (၁၆-၁၂-၂၀၁၇)ရက်နေ့တွင် ကော့သောင်း ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဒုတိယညွှန်ကြားရေးမှူးနေအိမ်နှင့် တည်ဆောက်ရေး လုပ်ငန်းများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား တွေ့ဆုံမှာကြားခဲ့ပါသည်။

     ဆက်လက်၍  အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် (၁၇-၁၂-၂၀၁၇) ရက်နေ့တွင် ဇာဒက်ကြီး ကျွန်းသို့သွားရောက်ကာ ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ ဆရာမများနှင့် တွေ့ဆုံ၍ ကျောင်းသား/သူများအတွက် ဗလာစာအုပ်၊ ကျောင်းဝတ်စုံတို့အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ဇာဒက်ကြီးကျေးရွာမှ ရေဒါစခန်းသစ်သို့သွားသည့် ကျွန်းပတ်လမ်း ဖောက်လုပ်နေမှု အခြေအနေ အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

     ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် (၁၈-၁၂-၂၀၁၇)ရက်နေ့မှ (၂၀-၁၂-၂၀၁၇)ရက်နေ့တွင် ကော့သောင်းမြို့၊ (၁)မိုင် အောင်သုခရပ်ကွက်ရှိ (၂)ခန်းတွဲဝန်ထမ်းအိမ်ရာ (၂)ထပ်ဆောင်အား လည်းကောင်း၊ ကော့သောင်းမြို့နယ်၊ (၁၀)မိုင်ကျေးရွာရှိ ကံပုံတလို့ ကျေးရွာအဝင် ကျောက်ခင်းလမ်း (၀/၃)မိုင်နှင့် Box Culvert (၃)စင်း ဆောင်ရွက်နေမှု အခြေအနေအား လည်းကောင်း၊ ဘုတ်ပြင်း မြို့နယ်၊ နမ္မတွန်-ရွာဟေ့လူလမ်း ဖောက်လုပ်ထားရှိမှု အခြေအနေအားလည်ကောင်း၊ ကော့သောင်းမြို့နယ်၊ ဖော့သုတ်ကျေးရွာအဝင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။