နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဗဟိုလေ့ကျင့်ရေးကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းဝင်းအတွင်း၌ ဆောင်ရွက်သည်။
ယခုအခါပူပြင်းခြောက်သွေ့သောနွေရာသီကာလသို့ရောက်ရှိလာပြီဖြစ်သည့်အပြင် ပေါ့ဆမီးများကြောင့် မီးလောင်မှုများ မကြာခဏ ဖြစ်ပေါ်နေသည့် အတွက် ဗဟိုလေ့ကျင့်ရေးကျောင်းရှိ ရုံးပိုင်အဆောက်အအုံများ၊ သင်တန်းခန်းမများ၊ သင်ထောက်ကူပစ္စည်းများနှင့် အရေးကြီးစာရွက် စာတမ်းများ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွန်းအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဗဟိုလေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးကျော်ကိုသန်း ဦးဆောင်သည့်ဝန်ထမ်းများ၊ မိသားစုဝင်များပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြလေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။