ဇူလိုင် ၂၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ ၂၅ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်မှ ကလေးမြို့သို့ ရောက်ရှိခဲ့ရာ ချင်းပြည်နယ် အတွင်းရှိ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီမှ အဖွဲ့ဝင်များနှင့် ကလေးမြို့၊ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ယခင်ဆောင်ရွက် ပြီးစီးမှုများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (ကလေး)သို့ ရောက်ရှိရာ ကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ တင်ပြခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများ၊ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြား၍ ချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ စားရိပ်သာနှင့် စာသင်ဆောင်များအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များနှင့် ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ကလေး)သို့ ရောက်ရှိခဲ့ပြီး ကျောင်းအုပ်က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ တင်ပြခဲ့ပြီးနောက် ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံ၍ သင်တန်းကျောင်း အောင်ချက် ရာခိုင်နှုန်းများကောင်းမွန်စေရေး ကြိုးစားရန်အမှာစကား ပြောကြား၍ ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ စားရိပ်သာနှင့် အိပ်ဆောင်များအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။