နေပြည်တော်၊ နိုဝင်ဘာလ ၁၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်အား အမေရိကန်သံရုံး၊ ဒုတိယ သံရုံးအကြီးအကဲ Ms.Kristen Bauer ဦးဆောင်သောအဖွဲ့မှ ယနေ့နံနက် (၁၀:၀၀) နာရီ အချိန်တွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ UN/NGO များနှင့် ပူးပေါင်းကူညီထောက်ပံ့ဆိုင်ရာ ကိစ္စရပ်များ၊ ဒေသလုံခြုံရေး၊ ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမည့် အစီအမံများအား ဆွေးနွေးခဲ့ပါသည်။
ထို့အပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ နေရပ်စွန့်ခွာ ဒုက္ခသည်များ အတွက် ထောက်ပံ့ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးဆောင်ရွက်ခဲ့မှု အခြေအနေများ၊ မူးယစ်ဆေးဝါး ကင်းစင် ပပျောက်ရေးအတွက် အမေရိကန်နိုင်ငံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအမံ များအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ တက်ရောက်ခဲ့ပါသည်။