နေပြည်တော် မတ်လ ၂၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်းတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားအား ယနေ့နံနက် (၀၉:၀၀) နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်မှ အမှာစကားပြောကြားပြီး နိပွန်ဖောင်ဒေးရှင်းမှ Executive Director Mr. Yuji Mori မှ နားလည်မှုစာချွန်လွှာနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးနှင့် နိပွန်ဖောင်ဒေးရှင်းမှ Executive Director Mr. Yuji Mori တို့မှ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီး အပြန်အလှန်လဲလှယ်ကြပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်းတို့သည် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ (၅) နှစ်တာ ကာလအတွင်း ဝန်ကြီးဌာနရှိ ဝန်ထမ်းများအား ခေါင်းဆောင်မှုစွမ်းရည် တိုးမြှင့်ရေးသင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး ယခုအခါ ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ (၂) နှစ်တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၀.၆ သန်းဖြင့် သင်တန်းများဖွင့်လှစ်ရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။