နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၏ မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မေလ   ၁၇  ရက် 
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အစိုးရအသစ်၏ ရက် ၁၀၀ စီမံကိန်းကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ကန်တောင်ကျေးရွာ၊ ထမုန်ကန်ကျေးရွာနှင့် သပြေဝကျေးရွာများတွင် ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံး‌ရေ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ဆိုလာရေတင်စနစ်ဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ၊ ဒေသခံပြည်သူများ  နွေရာသီကာလအတွင်း ရေသိုလှောင်နိုင်ရန်အတွက် မြေသားရေကန် ပြုပြင်တူးဖော်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင်၊ ကန်တောင်ကျေးရွာရှိ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းခွင်သို့  ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်လင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် စက်ရေတွင်းတူးဖော်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဌာနပိုင်စက်များအား ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ရန် သတ်မှတ်အချိန်မီ ပြီးစီးရေး ကြပ်မတ်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အလေးအနက်ထား  ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ ထို့နောက်  စက်ရေတွင်းတူးဖော်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ‌ဒေသခံပြည်သူများအား ရင်းရင်နှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိတ္ထီလာခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိ၍ ရုံးဝင်းအတွင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် ၄ လက်မ စက်ရေတွင်း တွင်းနက်တူးဖော်ခြင်းနှင့် ဂါလံ ၃၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းအားလည်းကောင်း၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာ တွင် သောက်သုံးရေရရှိရေးအတွက် ၄ လက်မ စက်ရေတွင်း တွင်းနက်တူးဖော်ခြင်းနှင့် ဂါလံ ၃၀၀၀ ဆံ့ ရေစုကန် တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်သို့ ဆက်လက်ထွက်ခွာပြီး ဝမ်းတွင်းမြို့နယ်၊ သိမ်တောင်တောရကျောင်းတိုက်အတွင်းရှိ နှစ်ကာလ ကြာလာသည်နှင့်အမျှ နှုန်းမြေများ ပို့ချမှုကြောင့် သောက်သုံးရေကန် ကောလာသဖြင့် သောက်သုံးရေ စစ်ဆေးပြီး မြေသားရေကန်၏ ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်သည့် မြေလွှာများ မပါရှိစေရန်နှင့် ရေစိမ့်ဝင်မှုမရှိစေရန်အတွက် တူးဖော်ထားသော မြေသားမျက်နှာပြင်များကို စနစ်တကျ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝမ်းတွင်းမြို့နယ်၊ ရွာရှည်ကျေးရွာသို့ ဆက်လက်ထွက်ခွာပြီး ရွာရှည်ကျေးရွာရှိ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းနှင့် မြေသားရေကန် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလ အတွင်း ပြီးစီးရန်၊ စံချိန်စံညွှန်းနှင့်အညီ   ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မြစ်သားခရိုင်၊ ကူမဲမြို့၊ မြသုခ ကျေးရွာအုပ်စုအတွင်း ပဥ္စမမြောက် စွယ်တော် တည်ရှိရာ ပြက္ခရွေတောင်တော် တက်လမ်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းအား ကြည့်ရှုစစ်ဆေးပြီး မောနားကျောင်းတိုက်ဓမ္မာရုံတွင် သဲဖြူ၊ မဟာမြိုင်၊ ချောင်းဖျား ဆရာတော် ‌ဒေါက်တာ ဘဒ္ဒန္တပညာဇောတ အမှူပြုသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် ၍ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ 
 

video-upload