နေပြည်တော် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်ဇနီး ဒေါ်ခိုင်မေကြူတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဆဌမအကြိမ် မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉:၃၀)နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၄၂) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်ဇနီး၊ ဝန်ထမ်းမိသားစုများက နမောတဿသုံးကြိမ်ပြိုင်တူ ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သြဝါဒစရိယ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့၊ မာရ်အောင်ပရိယတ္တိစာသင်တိုက် စာချနာယက မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဌ ဘဒ္ဒန္တဇာဂရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် သံဃာတော် အရှင်သူတော်မြတ်တို့က ချီးမြှင့်သော ပရိတ်တရားတော်တို့ကို နာကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းမိသားစုများက ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များကို ဆရာတော်၊ သံဃာတော်တို့ထံ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ယင်းနောက် နိုင်ငံတော်သြဝါဒါစရိယ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့၊ မာရ်အောင်ပရိယတ္တိစာသင်တိုက် စာချနာယက မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဌ ဘဒ္ဒန္တဇာဂရထံမှ ချီးမြှင့်သော ကထိန်အနုမောဒနာတရားတော်ကို နာကြားကာ ရေစက်ချ လှူဒါန်းခဲ့ကြကာ ကြွရောက်လာကြသော ဆရာတော်သံဃာတော်များနှင့် ပရိတ်သတ်အားလုံး မှ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ရုပ်သိမ်းသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်(၁၈)ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။