နေပြည်တော် ၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဇနီးဒေါ်ခိုင်မေကြူတို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ထမ်းမိသားစုများ၏ အဋ္ဌမအကြိမ် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်(၀၇:၃၀) နာရီအချိန်တွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မာရ်အောင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့်ဇနီး ဒေါ်ခိုင်မေကြူ၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး၊ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာပင့်သံဃာတော်၊ ကျောင်းတိုက်သံဃာနှင့် ဒုလဘ္ဘရဟန်းသာမဏေ (၁၀၉)ပါး တို့ကို ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများက သိမ်ဆင်းလောင်းလှူ ကြပါသည်။
ထို့နောက် ပျဉ်းမနားမြို့၊ မာရ်အောင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍဝ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်နှင့် ဇနီး၊ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းမိသားစု များက ဆရာတော်၊ သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာဓုအနုမောဒနာ တရားတော်များကိုနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြပါသည်။
ယနေ့ ကျင်းပပြုလုပ်သော နယ်စပ်ရေးရာဝန်ကြီးဌာန၏ အဋ္ဌမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်မင်္ဂလာ အခမ်းအနား၌ ရဟန်း (၅၅)ပါး၊ သာမဏေ (၁၁)ပါး၊ စုစုပေါင်း (၆၆)ပါး တို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခဲ့ပါသည်။
ယနေ့ ကျင်းပပြုလုပ်သော နယ်စပ်ရေးရာဝန်ကြီးဌာန၏ အဋ္ဌမအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြုအလှူတော်မင်္ဂလာ အခမ်းအနား၌ ရဟန်း (၅၅)ပါး၊ သာမဏေ (၁၁)ပါး၊ စုစုပေါင်း (၆၆)ပါး တို့ကို သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခဲ့ပါသည်။