
နေပြည်တော်၊ မတ် ၂၄ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဥက္ကဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလအတွင်း ကယားပြည်နယ် ခရီးစဉ်လမ်းညွှန်ချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာနက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ဖြင့် ဆောင်ရွက်ပေးခဲ့သော ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ပန်ပက်ကျေးရွာအုပ်စု ကျေးရွာ (၁၇)ရွာ ရေသွယ်ယူခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာအုပ်စု လွိကထိကျေးရွာအနီး ကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး နှင့်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ကယန်းပြည်သစ်ပါတီ၊ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေး တပ်ဦး၊ ကရင်နီအမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စုစုပေါင်းအင်အား (၁၀၀၀)ကျော် တက်ရောက်ခဲ့ ကြသည်။
အခမ်းအနားအစီအစဉ်အရ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က အမှာစကားပြောကြားရာ၌ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မူဝါဒ(၄)ရပ်၊ ရည်မှန်းချက်(၇)ရပ်၊ လုပ်ငန်းစဉ်(၁၈)ရပ် ချမှတ်ပြီး နယ်စပ်ဒေသနှင့်တိုင်းရင်းသားပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီက ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့်အညီ နယ်စပ်ဒေသအသီးသီးတွင် သန့်ရှင်းသောသောက်သုံးရေ ရရှိရေးနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေပါကြောင်း၊ တိုင်းရင်းသားများ၏ အခြေခံလိုအပ်ချက်များဖြစ်သော ရေရရှိရေးကဏ္ဍ၊ လမ်း/တံတားကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ယခုထက်ပိုမို တိုးတက်အောင်မြင်စေရန် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဦးအောင်ကျော်မြင့်က ပန်ပက်ကျေးရွာအုပ်စု ကျေးရွာ(၁၇)ရွာအတွက် ရေသွယ်ယူခြင်းလုပ်ငန်း အကောင်ထည်ဖော် ဆောင်ရွက်ပေးခဲ့မှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ဒေသခံတိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် ရေသွယ်ယူခြင်းလုပ်ငန်းဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများကို ဒုတိယဝန်ကြီး နှင့် တက်ရောက်လာသော ဧည့်သည်တော်များအား ပေးအပ်ခဲ့ ကြသည်။
ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးတို့က ရေသွယ်ယူခြင်းလုပ်ငန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လွိကထိကျေးရွာအနီး ပေ(၁၀၀)ခန့်အနက်တွင်ရှိသော မြေအောက်ဂူမှရေကို ဂါလံ(၂၀၀၀၀)ဆံ့ ရေစုကန်သို့စုပ်ယူ ပေးပို့သည့် ရေစုပ်စက်ပန့်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အဆိုပါ ဂါလံ(၂၀၀၀၀)ဆံ့ ရေစုကန်မှရေကို (၁)မိုင်ခန့် အကွာအဝေးရှိ ချယ်ရီကုန်းကျေးရွာအနီး ဂါလံ(၃၀၀၀၀)ဆံ့ ရေစုကန်သို့တွန်းတင်သည့် ရေတင်စက်ပန့်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေး ခဲ့သည်။
ယနေ့ ရေဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သော ဒီးမော့ဆိုမြို့နယ်၊ ပန်ပက်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများသည် သောက်သုံးရေရရှိရန်အလွန်ခက်ခဲသော ကျေးရွာများဖြစ်ကြပြီး စိမ့်စမ်းရေသွယ်ယူရန် ရေထွက်များမရှိသကဲ့သို့ ပေ(၈၀၀)ကျော်ခန့်အထိ မြေအောက်အဝီစိတွင်း တူးရာ၌လည်း အောင်ရေမရရှိခဲ့ကြောင်း သိရသည်။ ဒုတိယသမ္မတ၏ ခရီးစဉ်လမ်းညွှန်ချက်အရ အဆိုပါကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများရေရရှိရေးအတွက် ကယားပြည်နယ် ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မြင့်နှင့် ဝန်ထမ်းများသည် ချယ်ရီကုန်း ကျေးရွာမှ ဒေသခံတိုင်းရင်းသားများနှင့်ပူးပေါင်း၍ ရေအရင်းအမြစ်လိုက်လံရှာဖွေ ခဲ့ကြရာ အဆိုပါမြေအောက်ဂူ ရေထွက်ကို တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ ၎င်းရေအားစုပ်ယူ၍ ပင်မရေစုကန်များ ရှိရာသို့ အဆင့်ဆင့်တွန်းတင် ပို့ဆောင်ပေးပြီး ထိုမှတဆင့် ကျေးရွာများသို့အရောက် ဖြန့်ဝေပေးခဲ့ ခြင်းဖြစ်ကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းကြောင့် ရေထွက်မှ(၁၁/ဝ)မိုင်ခန့် ကွာဝေးသော ရှမ်း/ကယား နယ်စပ်ရှိ ကသန်းကူကျေးရွာအပါအဝင် လွိကထိကျေးရွာ၊ ချယ်ရီကုန်း ကျေးရွာ၊ ချယ်ရီကုန်းတောင်ထိပ်၊ လိင်ဆောင်ဒေးကျေးရွာ၊ ပရက်ကူကျေးရွာ၊ ပေါကူကျေးရွာ၊ ရွန်းကူတောင်ထိပ်၊ ရွန်းကူကျေးရွာ၊ ရွန်းကူအောက်ကျေးရွာ၊ ဒေါကီးကျေးရွာ၊ ချောဒေးကျေးရွာ၊ တိုင်းရင်းသားကုန်း၊ ပန်ပက်လမ်းဆုံ၊ ဆောင်လူကနားရွာသစ်၊ ဆောင်လူကနားရွာဟောင်း၊ ပင်မဆောင်ကျေးရွာစသော ကျေးရွာ(၁၇)ရွာမှ ဒေသခံတိုင်းရင်းသားများသည် သန့်ရှင်းသော သောက်သုံးရေကို (၂၄)နာရီ အချိန်ပြည့် အလျှံအပယ် အသုံးပြုနေကြရပြီဖြစ်သောကြောင့် အလွန် ပျော်ရွှင်ဝမ်းမြောက်လျှက်ရှိကြကြောင်း သတင်းရရှိသည်။