နယ်စပ်ရေးရာဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဧပြီ  ၄      
    နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀:၀၀) နာရီချိန်တွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြပါသည်။
    အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားခဲ့ရာ ယနေ့ နိုင်ငံတော်အနေဖြင့် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သောအစိုးရအဖွဲ့မှ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သောအစိုးရသစ်အဖွဲ့သို့ ပြောင်းလဲပေးခဲ့ပြီးဖြစ်ပြီး အစိုးရအဖွဲ့အစည်း ဝန်ကြီးများလဲ ပြောင်းလဲခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် ဌာနရှိ အမြဲတမ်းအတွင်းဝန်မှအစ ညွှန်ကြားရေးမှူးချုပ် အစပြုသော ဝန်ထမ်းများအားလုံးသည်  ယခင်ကတည်းက လုပ်ငန်း ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများသာဖြစ်ပါသဖြင့် ဝန်ကြီးဌာန၏ ရည်ရွယ်ချက် ရည်မှန်းချက်များကို အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင် မည်ဟု ယုံကြည်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်ကျေပွန်မှု များဖြင့် ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းများမှာ ဖွံ့ဖြိုးမှုလိုအပ်လျက်ရှိသော နယ်စပ်ဒေသများ ဖွံ့ဖြိုးရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သဖြင့် မွန်မြတ်သောလုပ်ငန်းများ ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်နေသောလုပ်ငန်းများအပေါ် လေးစားတန်ဖိုးထား ထမ်းဆောင်ရန် ထိုသို့တာဝန်ထမ်းဆောင်ရာတွင် စေတနာထား ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများတိုးတက်အောင်မြင်စေရေးအတွက် လေ့လာဆည်းပူးခြင်း၊ ထပ်ခါတလဲလဲ ကျွမ်းကျင်အောင်လေ့ကျင့်ခြင်း၊ လက်တွေ့အသုံးချခြင်းများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားခဲ့သည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ မှာကြားရာတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိတရား ကင်ရှင်းစွာဖြင့် ဆောင်ရွက်သွားကြရန် ဝန်ထမ်းအဆင့်အတန်းအားလုံးသည် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုရှိရှိနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ တစ်ဦးကောင်း တစ်ယောက် ကောင်းဖြင့် လုပ်ငန်းတာဝန်များတိုးတက်အောင်မြင်အောင် ဆောင်ရွက်ရန် မလွယ်ကူပါကြောင်း၊ မိမိတို့၏ လုပ်ငန်းတာဝန်များကို ကြီးသည် ငယ်သည်မဟုတ် ဝိရိယကို တသတ်မတ်တည်း စိုက်ထုတ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အလားတူလုပ်ငန်းများ တာဝန်ယူထမ်းဆောင်ရာ တွင် လုံခြုံရေးအလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လူပုဂ္ဂိုလ်လုံခြုံရေး၊ စာရွက်စာတမ်း လုံခြုံရေး၊ သတင်းအချက်အလက်လုံခြုံရေးများကို ဂရုစိုက် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အား ထောက်ပံ့ပေးသော လစာ/ အခွင့်အရေးများ ခံစားပြီး ဖြစ်သည့်အတွက် မိမိတို့ဘက်မှလည်း ပေးအပ်သည့်တာဝန်ကို ကျေပွန်ရုံသဘောထားထက် အကောင်းဆုံးထမ်းဆောင်မည့်စိတ်ဖြင့် လုပ်ဆောင်သွားရန် လိုအပ်ပါကြောင်း၊ မိမိတို့ဆောင်ရွက်ချက်၏ ပဲ့တင်သံသည် မိမိတို့ထံ ပြန်လည်ရောက်မည် ဖြစ်သဖြင့် ဖြောင့်မတ်တည်ကြည်ရိုးသားစွာ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိုလည်း မူဝါဒများနှင့် အညီ အမြဲဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါ ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် အခက်အခဲများရှိပါက ဆင့်ကဲနည်းဖြင့် တင်ပြရှင်းလင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မှာကြားခဲ့ပါ သည်။
    ထို့နောက်တွင် တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများမှ မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

Post Paragraph