
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးအကြားအလပ်မရှိ တောင်တန်း မြေပြန့်မခွဲခြားဘဲ စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၃၆၆ ဒသမ ၄၇၇ သန်းဖြင့် ကလောမြို့နယ် နန်းသဲ-တောင်လား-တောင်ကွဲ-နန်းတိုင်းသွားလမ်း ကတ္တရာအပြီးသတ်ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၁၂၃၆ ဒသမ ၉၇ သန်းဖြင့် မြေလမ်း ၄၀ မိုင် ၆ ဖာလုံ၊ အမာခံလမ်း ၃ မိုင် ၂ ဖာလုံ၊ ကျောက်လမ်း ၂၅ မိုင် ၅ ဖာလုံ၊ ကတ္တရာလမ်း ၁ မိုင် ၄ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာလမ်း ၇ မိုင် ၂ ဖာလုံ၊ ကွန်ကရစ်လမ်း ၂ မိုင် ၃ ဖာလုံ၊ ကွန်ကရစ်တံတား ၁၂ စင်း၊ Box Culvert ၁၅၆ စင်း၊ ကျောက်တောင်မိုင်းခွဲခြင်းလုပ်ငန်း လေးခု၊ ကျောက်စီ ရေမြောင်းလုပ်ငန်း သုံးခု၊ မြေထိန်းနံရံလုပ်ငန်း တစ်ခု၊ အုတ်ခြံစည်းရိုး ကာရံခြင်းတစ်ခု၊ အဝီစိတွင်း တူးဖော်ခြင်းလုပ်ငန်း လေးတွင်း၊ တန်ဖိုးနည်းအိမ်ရာ တစ်လုံး၊ သာသနာရေးလုပ်ငန်း ၁၇ ခုနှင့် ဦးစီးဌာနလုပ်ငန်း သုံးခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

