နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် နိပွန်ဖောင်ဒေးရှင်း (စေတနာ) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ သည့် စာသင်ကျောင်း (၃၀၀) ပြည့် အထိမ်းအမှတ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် ၃
    

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားခြင်းစီမံကိန်းမှ ဆောင်ရွက်ပြီးစီးခဲ့သည့် စာသင်ကျောင်း (၃၀၀)ပြည့် အထိမ်းအမှတ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားအား မတ်လ (၃)ရက်နေ့နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လုံဟေးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားလွှတ်တော် ဉက္ကဌ မန်းဝင်းခိုင်သန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဝင်းမင်းထွန်း၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei SASAKAWA ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ စီးပွားရေးသံမှူးဖြစ်သူ Mr. Kazuyuki Takimi ၊ ပြည်နယ်အဆင့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ စေတနာအဖွဲ့ တာဝန်ရှိသူများနှင့်  ဒေသခံတိုင်းရင်းသားပြည်သူအင်အား( ၁၀၀၀ ) ကျော် တက်ရောက်ခဲ့ ကြသည်။

      ရှေးဦးစွာ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ စီးပွားရေးသံမှူးတို့က ကျောင်း ဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အမှတ်တရသစ်ပင်များ စိုက်ပျိုးခဲ့ကာ စုပေါင်းမှတ်တမ်း ဓါတ်ပုံ ရိုက်ခဲ့ကြသည်။

   ယင်းနောက် ကျောင်းဆောင်သစ်အား လှည့်လည်ကြည်ရှု့စစ်ဆေးခဲ့ပြီး  အဆိုပါ ကျောင်းဝင်း အတွင်း ဆောက်လုပ်လှူဒါန်းထားသော ကလေးကစားကွင်းအား နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ဒုတိယပိုင်းအစီအစဉ်အား ကျင်းပပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အဖွင့်အမှာစကား ပြော ကြားရာတွင် ယနေ့အခမ်းအနားသည် နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့က ရှမ်းပြည်နယ်အတွင်း ဆောက် လုပ်ပြီးစီးခဲ့သော စာသင်ကျောင်းပေါင်း(၃၀၀)ပြည့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားဖြစ်သကဲ့သို့ နိုင်ငံတော် ၏ပညာရေးကဏ္ဍာ မြင့်မားရေးအတွက် အားသစ်လောင်းသည့် နေ့လည်းဖြစ်ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် မူဝါဒ(၄)ရပ်၊ ရည်မှန်းချက်(၇)ရပ်၊ လုပ်ငန်းစဉ်(၁၈)ရပ်ချမှတ်ပြီး နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်လျက်ရှိရာတွင် နှစ်နိုင်ငံအစိုးရ အဖွဲ့များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ နိပွန်ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့နှင့် ၂၀၀၂ခုနှစ်က စတင်ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ယခုအခါ စာသင်ကျောင်းဆောင်သစ် (၃၀၀) ဆောက်လုပ်ပေးနိုင်သကဲ့သို့ အချို့ကျောင်းများ ကို ပြုပြင်ပေးနိုင်ခဲ့ပါကြောင်း ထိုသို့ဆောင်ရွက်ရာတွင် ရပ်ရွာအခြေပြုလူထုပူးပေါင်းပါဝင်မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်၍ ပူးပေါင်းပါဝင်ခဲ့သောဒေသခံလူထု၏ လုပ်အားခကို ကျောင်းရန်ပုံငွေအဖြစ် ထူထောင်ပေးနိုင်သည့်အပြင် ရေရှည် ထိန်းသိမ်းရေးအတွက်လည်း ကောင်းမွန်သည့် အကျိုးကျေးဇူး များရရှိစေခဲ့ကြောင်း ဆက်လက်ပြီး နိပွန်ဖောင်ဒေးရှင်း၏ ရန်ပုံငွေပံ့ပိုးမှုနှင့်အတူ လာမည့်စီမံကိန်း စတုတ္တအဆင့်အဖြစ် ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့်(တောင်ပိုင်း)အပြင် ကယားပြည်နယ်ကိုပါ တိုးချဲ့ပြီး စာသင်ကျောင်းပေါင်း (၁၂၀)ဆောက် လုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့သည်။

   ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြား၌ ပညာရေးဝန်ကြီးဌာနအနေဖြင့်  အမျိုးသားပညာရေးမူဝါဒ (မဟာဗျူဟာစီမံကိန်း)မှာ ဖော်ပြ ထားသည့်အတိုင်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခွဲခြားမှုမရှိဘဲ ကျောင်းနေအရွယ် လူငယ်လူရွယ် အားလုံးကို လူသားကောင်းများဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးနေကြောင်း ကျောင်းသား/သူအားလုံး အသင်းအဖွဲ့စိတ်ဓါတ်တည်ဆောက်၍ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်အောင် လေ့ကျင့်ပေးနေကြောင်း အရည်အသွေးမြင့်မားသည့် ဆရာကောင်းများ မွေးထုတ်နိုင်ရေးအတွက် ပညာရေး ကောလိပ်များကို (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ်များဖြစ်အောင်အဆင့်မြှင့်တင်ပေးနေပါကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နိပွန်ဖောင်ဒေးရှင်း ဥက္ကဌ Mr. Yohei SASAKAWA က ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးလုပ်ငန်းများအပေါ် ကူညီဆောင်ရွက်ပေး နေမှုများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးတို့အတွက် နိပွန်ဖောင် ဒေးရှင်းမှ ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးမှ စီးပွားရေးသံမှူးဖြစ်သူ Mr. Kazuyuki Takimi က ဂျပန်အစိုးရ၏ ဖွံ့ဖြိုးမှု အကူအညီပေးရေးအစီအစဉ်သည် ဂျပန်နိုင်ငံပြည်သူများကို ကိုယ်စားပြုနေသောကြောင့် ယခုဆောက်လုပ် ပေးသော ကျောင်းဆောင်သစ်များကို ရေရှည်ထိန်းသိမ်းပြီး ကလေးငယ်များ၏ ပညာရည်မြင့်မားရေး ကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

    ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌတို့က ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဘဏ္ဍာနှစ်အလိုက် စာသင်ကျောင်းများ တိုးချဲ့ ဖွင့်လှစ်ပေးနိုင်မှု အခြေအနေများကို ရှင်းလင်းပြောကြား၍ ဒေသခံပြည်သူ လူထု၏ လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံမဏ္ဍိုင်ဖြစ်သော ပညာရေးကဏ္ဍာတိုးတက် အောင်မြင်အောင် ရန်ပုံငွေများ ကူညီပံ့ပိုးပေးသည့် နိပွန်ဖောင်ဒေးရှင်းနှင့် စီမံကိန်းလုပ်ငန်းများအား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့် စေတနာအဖွဲ့ တို့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး ဒေသခံတိုင်းရင်းသားပြည်သူ တစ်ဦးမှလည်း ယခုကဲ့သို့ စာသင်ကျောင်း သစ်ဆောက်လုပ် ပေးခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

      ဆက်လက်၍ နိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့) မှ ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ ကျောင်းရန်ပုံငွေ(၇၃)သိန်းနှင့် အားကစားပစ္စည်းများအား တာဝန်ရှိသူများထံ ပေးအပ် ခဲ့သည်။ ၎င်းနောက် အခမ်းအနားသို့ တက်ရောက်လာသော အမျိုးသားလွှတ်တော်ဉက္ကဌ မန်းဝင်းခိုင်သန်း နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များအား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာသင်ကြားခြင်း စီမံကိန်း စာသင်ကျောင်း (၃၀၀)ပြည့် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနား အထိမ်းအမှတ် တံဆိပ်နှင့် ဒေသထွက်လက်ဆောင်ပစ္စည်းများအား ပေးအပ်၍ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။