နေပြည်တော် မေ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများနှင့် အမျိုးသမီးအိမ်တွင်း မှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများတွင် နယ်စပ်ဒေသအပါအဝင် အလုပ်အကိုင်အခွင့် အလမ်း နည်းပါးသောဒေသများမှ တိုင်းရင်းသား/သူများအား အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြား တတ်မြောက်စေခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်လာစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပေးလျက် ရှိရာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပထမအကြိမ်အဖြစ် စက်မှုကျောင်း ၄ ကျောင်းတွင် ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်း များနှင့် အိမ်တွင်းမှုသင်တန်းကျောင်း ၁၉ ကျောင်းတွင် အဆင့်မြင့်အိမ် တွင်းမှုစက်ချုပ်သင်တန်း၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတို့အား ယနေ့နံနက်ပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားများသို့ လွိုင်ကော်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအံ့မော်၊ ဘားအံမြို့ စက်မှုသင်တန်းကျောင်းနှင့် အိမ်တွင်းမှု သင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ မုဒုံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်း၊ အောင်ပန်းမြို့ စက်မှုသင်တန်း ကျောင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ထားဝယ်မြို့ စက်မှုသင်တန်းကျောင်း တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ ပုသိမ်မြို့ အိမ်တွင်းမှုသင်တန်း ကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်၊ လဟယ်မြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်း၊ ဆိုက်ခေါင် အိမ်တွင်းမှုသင်တန်းကျောင်းတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ကျိုင်းတုံမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်စိုး၊ မြိုင်ကြီးငူအိမ်တွင်းမှုသင်တန်း ကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်း၊ ခန္တီးမြို့ အိမ်တွင်းမှုသင်တန်းကျောင်းတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီး ဇော်ငြိမ်းထိုက်တို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ကျန်သင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီး ဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး များနှင့် ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ စက်မှုသင်တန်းကျောင်းနှင့် အိမ်တွင်းမှုသင်တန်းကျောင်းများတွင် ဖွင့်လှစ်သည့် သင်တန်းများသို့ ဆောက်လုပ်ရေးသင်တန်းသား ၁၄ ဦး၊ လျှပ်စစ်သင်တန်းသား ၃၅ ဦး၊ ဂဟေ သင်တန်း သား ၃၅ ဦး၊ မော်တော်ယာဉ်စက်ပြင်သင်တန်းသား ၄၁ ဦး၊ လက်ကိုင်ဖုန်းပြင် သင်တန်းသား ၁၅ ဦး၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းသူ ၄၇၅ ဦး၊ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာသင်တန်းများတွင် သင်တန်းသား/သူ ၅၅ ဦး၊ စုစုပေါင်း ၆၇၀ ဦး တက်ရောက်၍ ၂၀၂၆ ခုနှစ် မေလ ၄ ရက်နေ့မှ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ထိ ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေထိုင်စားသောက်ရေး နှင့်သင်တန်းသုံးပစ္စည်းများ အခမဲ့ ထောက်ပံ့ပေး သွားမည်ဖြစ်သည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်းနှင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်း နှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာယနေ့အချိန်ထိ စက်မှုကျောင်းများတွင်သင်တန်းသား/သူ ၇၀၅၈ ဦးနှင့် အိမ်တွင်းမှုသင်တန်းကျောင်းများတွင် သင်တန်းသူ ၉၈၁၄၈ ဦး သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။