နယ်စပ်ရေးရာဝန်ကြီးဌာနရှိအမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ သင်တန်းဆင်းပွဲနှင့်ဖွင့်ပွဲများကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၃
    နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၂၁ ကျောင်းတို့တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်းများဖွင့်ပွဲ၊ ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းဆင်းပွဲနှင့် ဖွင့်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
     အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ပုသိမ်) တွင် မေ ၈ ရက်မှ အောက်တိုဘာ၂၃ ရက်အထိ ဖွင့်လှစ်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများဖြစ်သည့် (ဧည့်ကြို အိပ်ခန်းဆောင်၊ အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှု) သင်တန်းအမှတ်စဉ်(၆) ဆင်းပွဲ၊ အမှတ်စဉ်(၇)ဖွင့်ပွဲနှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်ပွဲများတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်သည်။
    အလားတူ လွိုင်ကော်မြို့ သင်တန်းကျောင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ဆိုက်ခေါက်မြို့ သင်တန်းကျောင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ မုဒုံမြို့ သင်တန်းကျောင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကျိုင်းတုံမြို့ သင်တန်းကျောင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း၊ ကွန်ဟိန်းမြို့ သင်တန်းကျောင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ မြိုင်ကြီးငူမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်၊ လဟယ်မြို့ သင်တန်းကျောင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဌ ဦးထွန်းထွန်းဝင်း၊ မင်းပြားမြို့ သင်တန်း ကျောင်းတွင် မင်းပြားတပ်နယ် နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းကို တို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ကျန်သင်တန်းကျောင်းများ၌ နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်ဦးစီးမှူးများနှင့် ခရိုင်/မြို့နယ်ရှိ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။
    နိုင်ငံတစ်ဝန်းရှိ သင်တန်းကျောင်း ၂၁ ကျောင်းတွင် အောက်တိုဘာ ၂၃ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၂၂ အထိ သင်တန်းကာလ ရက်သတ္တ   ၂၂ ပတ်ကြာ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ ရိုးရာ ဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်းသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း စသည့် သင်တန်းလေးမျိုးတွင် သင်တန်းသူ ၆၅၀ တက်ရောက်သွားမည်ဖြစ်ကာ နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ ပံ့ပိုးပေးသွားမည်ဖြစ်သည်။
    အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ်  ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသူစုစုပေါင်း ၉၅၈၅၆ ဦး သင်ကြား လေ့ကျင့်မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။    
 

Post Paragraph