“ဖောက်ရဦးမည့် လမ်းများ ... ဆောက်ရဦးမည့် တံတားများ” အပိုင်း(၂)

သံလွင်မြစ်ကူးတံတား(ဘားအံ)
    သံလွင်တံတား(ဘားအံ)သို့လည်း ရောက်ရှိခဲ့ပါသေးသည်။ ဘားအံမြို့နှင့် သံလွင် မြစ်ကူး တံတားသည် အလွန်မဝေးလှပါ။ တံတားသို့ ဦးတည်ရာ လမ်းတစ်လျှောက် မြစ်သံလွင် ဘက်သို့ မျက်နှာမူနေသော ရွာလေးများကို တွေ့ရသည်။ တချို့နေရာများတွင် လယ်ကွင်းများ၏ စိမ်းစိမ်း စိုစိုအရောင်များက မျက်စိပသာဒ ဖြစ်စေသည်။
    တံတားကြီးတစ်စင်းက မိုးကောင်းကင်နှင့် ထိတွေ့လုနီးပါး မတ်မတ်ရပ်လျက် တည်ရှိနေ သည်ကို တွေ့ရသည်။ ဤတံတားကြီးကား မြန်မာနိုင်ငံ၏ အရှည်လျားဆုံးနှင့် အင်အားအကြီးမား ဆုံး မြစ်တစ်စင်းဖြစ်သည့် သံလွင်မြစ်ကြီးကို ဖြတ်ကျော် တည်ဆောက်ထားသည့် သံလွင်တံတား (ဘားအံ)ပင် ဖြစ်သည်။
    သံလွင်တံတား(ဘားအံ)သည် ဘားအံမြို့နှင့် မြိုင်ကလေးရွာကို ဆက်သွယ်ပေး ထားသည်။ သံမဏိယက်မ အမျိုးအစား တံတားဖြစ်ပြီး ၂၂၅၂ ပေ အရှည်ရှိပါသည်။ ဒေသအတွင်း ကုန်းလမ်း ခရီးအတွက် အဓိကကျသော တံတားတစ်စင်း ဖြစ်၏။ ၁၉၉၄ ခုနှစ်တွင် စတင်တည် ဆောက်ပြီး ၁၉၉၇ ခုနှစ် ဩဂုတ်လ ၃ ရက် နေ့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။
    တံတားပေါ်၌ ရပ်မိပေပြီ။ 
    မြစ်၏ ရေစီးသံများက အချိန်၏ လှိုင်းလုံးကဲ့သို့ ဆက်တိုက်လှုပ်ရှားနေသည်။ မြစ်ရေသည် အနက်ရှိုင်းဆုံးသော အရောင်ဖြင့် ကရင်ပြည်နယ် တောင်တန်းများကြားမှ ချောင်းရေ များကို စုဆောင်းကာ မဆုတ်မနစ် စီးဆင်းလျက်ရှိနေသည်။
    အဝေးဘက်တွင် မြင်တွေ့နေရသော တောင်တန်းများသည် အပြာရောင်မှိုင်းမှိုင်း ဖြင့် မိုးကောင်းကင်အောက်တွင် တိတ်တဆိတ် ရပ်တည်နေကြသည်။  မြစ်ကမ်းပါးများပေါ်ရှိ စိမ်းလန်း သော သစ်တောများကလည်း သဘာဝ၏ အေးချမ်းမှုကို ဖော်ပြနေပါသည်။
    စာရေးသူသည် တံတားပေါ်မှ ဖြတ်သန်းသွားလာနေကြသည့် ကားများ၊ ဆိုင်ကယ် များ၊ လူများနှင့် အဝေးရှုခင်းများကို ကြည့်နေရင်း ဆင့်ကဲဆင့်ကဲ အတွေးနယ်ချဲ့နေမိပြန်သည်။
    အတိတ်ကာလများက မြစ်တစ်ဖက်မှ တစ်ဖက်သို့ သွားလာရန် လှေများကိုသာ အားကိုး ရသည့် အချိန်ကာလများ ရှိခဲ့သည်။  မိုးရာသီရောက်လျှင် မြစ်ရေများတက်ကာ လူများ၏ ခရီးသွားလာမှုများနှင့် ကုန်စည်ပို့ဆောင်မှုများမှာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။
    ယနေ့တွင်တော့ သံလွင်မြစ်ကူးတံတားကြီးသည် မြစ်ကမ်းနှစ်ဖက်ကို ခိုင်မာစွာ ဆက်သွယ် ပေးနိုင်ခဲ့ပြီဖြစ်သည်။ ဒေသခံများ၏ နေ့စဉ်ဖြတ်သန်းမှု ဘဝလမ်းကြောင်းများ ပိုမို လွယ်ကူသက် သာစေခဲ့ပြီ။ တံတားကြီး ရှိလာပြီးသည့်နောက် ဒေသ၏ အသက်ရှူသံများ ပိုမို မြန်ဆန် သွက်လက် လာသကဲ့သို့ပင် ထင်မိပါသည်။
    တံတားကြီးသည် ဒေသဖွံ့ဖြိုးရေး၏ အိပ်မက်များကို အကောင်အထည်ဖော်ရန်၊ ချိတ်ဆက် ပေးနိုင်ရန် တိတ်တဆိတ် တာဝန်ထမ်းဆောင်နေသည်ဟု ခံစားရမိပါသည်။ ဆက်စပ် စဉ်းစားမိ သည်က နိုင်ငံတော်၌ ဘာကြောင့်လမ်းများ  ဖောက်လုပ်ပေးရန်၊ ဘာကြောင့် တံတားတွေ ဆောက် ပေးရန် လိုအပ်တာလဲ။    
    ဤသို့ လမ်းတစ်လမ်း ဖောက်ခြင်း၊ တံတားတစ်စင်း ဆောက်ခြင်း ဆိုသည်မှာ ရိုးရိုး အဆောက်အဦ တည်ဆောက်ခြင်းသာ မဟုတ်ပေ။ ၎င်းတို့က ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို လမ်းကြောင်းဖွင့်ပေးသော အနာဂတ်၏ တံခါးများ ဖွင့်လှစ်ပေးခဲ့ခြင်းပင် ဖြစ်ကြသည်။
လမ်းများ    
    လမ်းများသည် နိုင်ငံတစ်နိုင်ငံအတွက် သွေးလွှတ်ကြောမကြီးများနှင့် တူပေသည်။ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်သည့် နိုင်ငံသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍအားလုံး မြန်မြန်ဆန်ဆန် တိုးတက်နိုင်ပါသည်။ အဘယ်ကြောင့်ပါနည်း။
    လမ်းများသည် စီးပွားရေးဖွံ့ဖြိုးရေး (Economic Development) အတွက် အရေး ကြီးလှသည်။ ဒေသအသီးသီးမှ ထုတ်ကုန်များ၊ ကုန်ကြမ်းများ လွယ်လင့်တကူ သယ်ဆောင်နိုင် သည်။ ခရီးလမ်း မြန်ဆန်သဖြင့် သယ်ယူပို့ဆောင်မှုကာလများ လျော့ကျစေပြီး ကုန်ပစ္စည်း ဈေးနှုန်းများ ပိုမိုသက်သာစေပါသည်။ နိုင်ငံအတွက် စက်ရုံအလုပ်ရုံများ တည်ဆောက်ရန် လွယ်ကူ စေပါသည်။ နိုင်ငံသားတို့ လိုရာခရီးကို ချောမွေ့မြန်ဆန်စွာ သွားလာနိုင်ကြပါသည်။
    လမ်းများသည် ကျေးလက်ဖွံ့ဖြိုးရေး (Rural Development) ကို အထောက် အကူပြုပါ သည်။ တောင်သူလယ်သမားများ၏ လယ်ယာထွက်ပစ္စည်းများကို ‌ဈေးကွက်သို့ အချိန်တိုအတွင်း ပို့နိုင်သည်။ ကျေးလက်ဒေသများသို့ ကျန်းမာရေး၊ ပညာရေး ဝန်ဆောင်မှုများ ကောင်းမွန်စွာ ရောက်ရှိစေသည်။ ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြင့်တက်စေပါသည်။ သယ်ယူပို့ဆောင်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပညာရေး အားလုံးအတွက် အဓိကကျသော ကဏ္ဍတွင် ပါဝင်ပြီး လူနေမှုဘဝကို မြင့်မားတိုးတက်စေပါသည်။
    လမ်းများသည် လူမှုဆက်သွယ်ရေး (Social Connectivity)ကိုလည်း လျင်မြန်စေပါ သည်။ နိုင်ငံသားတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့်အတူ နေရာအနှံ့ သွားလာလည်ပတ်နိုင်သည်။ အရေးပေါ်အခြေအနေများ (ဥပမာ-ဆေးရုံပို့ဆောင်ရန်) အချိန်မီဆောင်ရွက်နိုင်သည်။ တောင်ပေါ်၊ မြေပြန့်ဒေသအသီးသီးရှိ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများ ဖလှယ်ခြင်းကို ချောမွေ့ စေပါသည်။
    လမ်းများသည် နိုင်ငံအုပ်ချုပ်ရေး(Governance) အတွက် များစွာပံ့ပိုးပါသည်။ နိုင်ငံတော် ၏ ဝန်ဆောင်မှုများ ပြည်သူလူထုထံသို့ အလွယ်တကူ ရောက်ရှိနိုင်ပါသည်။ နိုင်ငံတော် ကာကွယ် ရေးနှင့် လုံခြုံရေးအတွက် အဖွဲ့အစည်းများ လျင်မြန်စွာ ပြောင်းရွှေ့နိုင်ပါသည်။
    လမ်းများသည် ခရီးသွားလုပ်ငန်း (Tourism)အတွက် ပိုမိုဖွံ့ဖြိုးစေပါသည်။ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ သွားလာမှု လွယ်ကူစေပါသည်။ နိုင်ငံ၏ ခရီးသွားလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုး တက်စေပြီး နိုင်ငံခြားဝင်ငွေ ကောင်းမွန်စေပါသည်။
    လမ်းများသည် အရေးပေါ်အခြေအနေများ(Emergencies)ကိုလည်း ထိရောက်စွာ ဆောင် ရွက်နိုင်စေပါသည်။ နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်များ (ဥပမာ-ငလျင်၊ ရေဘေး၊ မီးဘေးများ ဖြစ်ပွားပါက အချိန်တိုအတွင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အား မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ပါလိမ့်မည်။
    ထို့ကြောင့် လမ်းများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံ အုတ်မြစ် တစ်ခုဟု ဆိုရပါလိမ့်မည်။
တံတားများ
    တံတားများသည်လည်း နိုင်ငံတစ်နိုင်ငံအတွက် လမ်းများကဲ့သို့ပင် အလွန်အရေးပါ လှပေ သည်။ “သဘာဝအတားအဆီးများကို အောင်မြင်စွာ ကျော်လွှားနိုင်သော ဉာဏ်ပညာ” ဟုပင် တင်စားခေါ်ဝေါ်ကြသည်။
    တံတားများသည် ပထဝီဆိုင်ရာ အတားအဆီးကို ဖြတ်ကျော်နိုင်သည်။ မြစ်များ၊ ချောင်း များ၊ ချိုင့်ဝှမ်းများ၊ တောင်ပြတ်များ၊ တောင်ကြားများကို ဖြတ်သန်း၍ ခရီးဝေးကို ချိတ်ဆက် ပေးပါသည်။ ဝေးကွာနေသော ကမ်းနှစ်ဖက်ကို ဖြတ်သန်း၍ ဒေသတစ်ခုနှင့်တစ်ခု လွယ်ကူစွာ ဆက်သွယ်ပေးပါသည်။
    တံတားများသည် စီးပွားရေးအတွက် အကျိုးကျေးဇူးများ ဖြစ်စေသည်။ ခရီးသွားရန် အတွက် မြစ်ချောင်းများ ဖြတ်ကျော်ကူးရန် အချိန်ကြာခြင်း၊ လှေငယ်များ၊ ဇက်များ စောင့်ဆိုင်း ရခြင်းမှ လွတ်မြောက်စေပြီး အချိန်ကုန်သက်သာစေပါသည်။ သဘာဝအတားအဆီးရှိသော ဒေသ များတွင်ပင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်နိုင်ပါသည်။ ကုန်စည်များ သယ်ယူပို့ဆောင် ဖြန့် ဖြူးရေးအတွက် အခြေခံချိတ်ဆက်မှုလည်း ဖြစ်ပါသည်။
    တံတားများသည် လူမှုဆက်သွယ်မှုကိုလည်း တိုးတက်စေပါသည်။ ကျေးလက် ဒေသများ နှင့် မြို့ပြဒေသများအကြား ဆက်သွယ်ရေး ပိုမိုရရှိစေပါသည်။ လူမျိုးစုများအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေပါသည်။
    တံတားများသည် နိုင်ငံတော်ကာကွယ်ရေးနှင့် နိုင်ငံရေးအရသည်  အရေးပါလေသည်။ နယ်စပ် ဒေသများ၊ သဘာဝအတားအဆီးရှိသော ဒေသများသို့ တပ်ဖွဲ့ဝင်များ အမြန်ရောက်ရှိ နိုင်ပါသည်။ သဘာဝဘေးအန္တရာယ်စသည့် နိုင်ငံ၏ အရေးပေါ်အခြေအနေများတွင် ပြည်သူလူထုအား အမြန် ရွှေ့ပြောင်းပေးနိုင်ပါသည်။
    တံတားများသည် နိုင်ငံ၏ အင်ဂျင်နီယာနည်းပညာ အောင်မြင်မှု၊ နိုင်ငံ၏ တိုးတက်မှု၊ နိုင်ငံတော်ပုံရိပ်ကို မြှင့်တင်နိုင်မှု၊ နိုင်ငံသားများ၏ မျှော်မှန်းချက်နှင့် ဂုဏ်ယူရမှုတို့ကို ဖော်ပြသော သင်္ကေတတစ်ခုလည်း ဖြစ်ပါသည်။
လမ်းနှင့်တံတားများ
    လမ်းတစ်လမ်း၊ တံတားတစ်စင်း၏ အဓိပ္ပာယ်ပြည့်ဝမှုကို ထပ်မံတွေးမိပါသည်။ လမ်းတစ် လမ်းဖောက်လုပ်ခြင်းမှာလည်း မြေပြင်ပေါ်တွင် ကျောခင်းနေသည့် သာမန်သက်မဲ့မျဉ်း တစ်ကြောင်း သာ မဟုတ်၊ လူသားတို့၏ ဘဝအနာဂတ်သို့ သွားမည့်လမ်းကြောင်းကို ဖွင့်လှစ်ပေးသည့် သက် ဝင်လှုပ်ရှားနေသည့် သက်သေတစ်ခုပင် ဖြစ်နေသည်။
    တံတားတစ်စင်းဆိုသည်မှာ မြစ်ကမ်းနှစ်ဖက်ကို ချိတ်ဆက်ပေးသည့် သက်မဲ့ပစ္စည်း တစ်ခု သာမဟုတ်။ လူသားတို့၏ ဘဝများ၊ အိပ်မက်များနှင့် ဒေသတစ်ခု၏ အနာဂတ်များကိုပါ ပုံဖော် ချိတ်ဆက်ပေးထားသည့် ဖွံ့ဖြိုးတိုးတက်ရေး၏ အမြဲရှင်သန်နေသော ပြယုဂ်တစ်ခု ဖြစ်နေ သည်။
    လမ်းတစ်လမ်း၊ တံတားကြီး တစ်စင်း တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်က ဒေသဖွံ့ ဖြိုးရေးနှင့် အများအကျိုးအတွက် အဘက်ဘက်မှ စဉ်းစားပြီးမှ ဘဏ္ဍာငွေများ အကုန် အကျခံပြီး ဖော်ဆောင်ထားပေးခဲ့ခြင်းဖြစ်သည်။ ဤအကျိုးရလာဒ်ကိုလည်း ဒေသခံများ ဦးစွာ ခံစားကြရပါ သည်။
    ဒေသအသီးသီး၌ လမ်း၊ တံတားများအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် ပေးရာ၌ လူဦးရေသိပ်သည်းဆ၊ စီးပွားရေးအရ တွက်ခြေကိုက်ခြင်း၊ မကိုက်ခြင်းတို့ကို မေ့ထားရန် လိုပါသည်။
    ထိုဒေသလေးတစ်ခု၌ ဆောင်ရွက်ပေးသည့် လုပ်ငန်းများမှတစ်ဆင့် ရရှိလာသည့် နိုင်ငံသား များ၏ ယုံကြည်မှု၊ နိုင်ငံတော်အပေါ် အားကိုးအားထားပြုမှုတို့သည် အခြားဒေသ အသီးသီးတို့ ပျံ့နှံ့သွားပါမည်။ ထိုအခါ နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို များစွာအထောက် အကူပြု ပါလိမ့်မည်။

တည်ဆောက်ရဦးမည့် အခြေခံအဆောက်အအုံများ
    ငြိမ်းချမ်းရေး ဆိုသည်မှာ “လူသားတိုင်း ပူပင်သောက ကြောက်လန့်မှုကင်းပြီး အေးချမ်းစွာ နေထိုင်နိုင်ခြင်း”ဟု အဓိပ္ပာယ်ဖွင့်ဆိုရမည် ထင်ပါသည်။ ငြိမ်းချမ်းပြီး အေးချမ်း သာယာ ဘေးကင်း မှုသည် နိုင်ငံသားများအတွက်၊ နယ်မြေတစ်ခုအတွက်၊ နိုင်ငံတစ်ခုအတွက် အလိုအပ်ဆုံးနှင့် အဓိကအကျဆုံး အခြေခံလိုအပ်ချက်ပင် ဖြစ်ပါသည်။
    ယုံကြည်ချက်၊ ခံယူချက် မတူညီကြတိုင်း အဖျက်လုပ်ရပ်များကို လွယ်လွယ်ကူကူ ဖျက်ဆီးကျူးလွန်ခြင်းများမှာ တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမှု အလွန်ကြီးမားလွန်းလှပါပေသည်။
    ဝိဝါဒ ကွဲပြားခြင်း၊ အတွေးအမြင် မတူခြင်း၊ ကိုယ်ကျိူးစီးပွား ထိခိုက်ခြင်း စသည့် အချက် တို့အား ငြိမ်းချမ်းစွာ မဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။ ထို့ကြောင့် ဒေသအသီးသီးတွင် ပေးဆပ်မှုတွေများစွာရှိခဲ့သည်။ အနာဂတ် လူ့စွမ်းအားအရင်း အမြစ်များ၊ နိုင်ငံ၏ အခြေခံအဆောက်အအုံများ များစွာပျက်စီးဆုံးရှုံးခဲ့ရလေသည်။ ငြိမ်းချမ်းမှုများလည်း ဝေးကွာခဲ့ပါသည်။
    တချိန်ချိန်တွင် လက်နက်ကိုင်ပဋိပက္ခများ အရှိန်ရပ်တန့်သွားပေလိမ့်မည်။ ထို အချိန်မှသာ နိုင်ငံအနှံ့ ထူထောင်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်၍ ရနိုင်ပါမည်။ ဒေသများ ငြိမ်းချမ်း ချိန်ရောက်မှသာ လူ့စွမ်းအားအရင်းအမြစ်များကို ပြန်လည်တည်ဆောက်နိုင်ပါမည်။ အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး ပြန်လည်စတင်ရပါလိမ့်မည်။ အချိန်များစွာ ယူရပါလိမ့် ဦးမည်။ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရပါမည်။
    ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာစေရန် အခြေခံအဆောက်အအုံများ ကောင်းမွန် လာစေရန် ဒေသအသီးသီးတွင် “ဖောက်ရဦးမည့် လမ်းများ” များစွာဆောင်ရွက်ရပေ ဦးမည်။ သဘာဝအတားအဆီးများကို ဖြတ်ကျော်နိုင်ရန် “ဆောက်ရဦးမည့် တံတားများ” များစွာ တည်ဆောက်ရပေဦးမည်။

                                                                                                                                                                           ဝထကလသ
                                                                                                                                                                             (နတလ)
 

Post Paragraph