နေပြည်တော်၊ ဧပြီလ ၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်ကို ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms. Renata Lok Dessallien သည် ယနေ့ နေ့လည် (၁) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ ပူးပေါင်း၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာ ထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းရပ်များ၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ IDPs စခန်းများ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိအစိုးရ၏ ဖြစ်ပေါ်လာမည့် မူဝါဒများနှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်နှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပိုမိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို နှစ်ဦးနှစ်ဖက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။