ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်    မတ်   ၁၃         
        နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ်လ (၁၂) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဇာဒက်ကြီးကျွန်းသို့ ရောက်ရှိခဲ့ပြီး နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအရ ၂၀၁၃-၂၀၁၄  ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဇာဒက်ကြီးကျွန်းပတ်လမ်းမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားခဲ့သည့်လမ်းပိုင်း ပြုပြင်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့သည်။
        ရှေးဦးစွာ လမ်းပြုပြင်ရေးတာဝန်ယူဆောင်ရွက်နေသော  ဌာနဆိုင်ရာတာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လမ်းလုပ်ငန်းအရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ရေရှည်တည်တံ့ခိုင်မာကောင်းမွန်စေရေး စဉ်းစားဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး  လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြုပြင်ပြီးဖြစ်သော လမ်းပိုင်းများအား မော်တော်ယာဉ်ဖြင့် လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။
        ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မတ်လ (၁၃) ရက်နေ့တွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျတို့ လိုက်ပါလျက် ဘုတ်ပြင်းမြို့နယ်အတွင်း ၁၉၉၈ ခုနှစ်က မဟာဗျူဟာလမ်းအစီအစဉ်အရ ဖောက်လုပ်ခဲ့သည့် ဟန်ကပြု-ရွာဟေ့လူလမ်း (၃၄/၄) မိုင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ပထမ (၆) လပတ်  ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော မြေလမ်းပြုပြင်ထိန်းသိမ်းခြင်း (၈/၀) မိုင်၊ ကျောက်ချောလမ်း (၁/၄) မိုင် ပြီးစီးမှုအခြေအနေများနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် သံကူကွန်ကရစ်တံတား (၁၀၀) ပေ တစ်စင်း ၊ (၆၅) ပေ တစ်စင်း နှင့် Box Culvert (၉) စင်း တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ခံအင်ဂျင်နီယာများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ ရှင်းလင်းတင်ပြချက်များအပေါ်  ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင်  နိုင်ငံတော်ခွင့်ပြုငွေအရ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားကြရန်၊ ဖြစ်နိုင်ချေရှိသည့် သဘာဝဘေး ရေကြီးဖြစ်စဉ်များကို တွက်ဆစဉ်းစားထည့်သွင်း ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ ပြီးစီးချိန်တွင်လည်း ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက်  ဒေသခံပြည်သူလူထုကလည်း ဝိုင်းဝန်းကူညီထိန်းသိမ်း စောင့်ရှောက်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

Post Paragraph