နေပြည်တော်၊ မေလ ၂၃ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်အား ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Jukr Boon-Long သည် ယနေ့နံနက် (၁၀) နာရီအချိန် တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံတော်အစိုးရက ပြည်တွင်းငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် (၂၁) ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် နယ်စပ်ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ ဆန္ဒအလျောက် နေရပ် ပြန်ရေးကိစ္စရပ်များ၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများနှင့် အထောက်အထားလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်များ တွင် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဘက်စုံ၊ ကဏ္ဍစုံမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် လက်တွဲ၍ ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ နှင့်ထိုင်းနိုင်ငံတို့ နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။