ရုံးတွင်းအရည်အသွေးမြှင့်တင်ရေးသင်တန်း (၂/၂၀၁၆) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် သြဂုတ် ၈ ရက်    
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား လုပ်ငန်းအဆင့်အလိုက် ကြပ်မတ်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ ရုံးတွင်း အရည်အသွေးမြှင့်တင်ရေးသင်တန်း (၂/၂၀၁၆) သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၁၀)နာရီအချိန်တွင် ဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။
    အခမ်းအနားတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မိမိတို့ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ အဆောက်အဦ စသည့်လုပ်ငန်းများ အရည်အသွေး ပြည့်မှီအောင် ကြီးကြပ်ဆောင်ရွက် နိုင်ရန် ယခုလိုသင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မှီအောင် ဆောင်ရွက်နိုင်ပါက ဦးစီးဌာန၏ဂုဏ်ကို မြှင့်တင်နိုင်မှာ ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော် ကိုယ်စား လုပ်ငန်းများအား လုပ်ငန်းအဆင့်အလိုက် ကြီးကြပ်နိုင်ရန်နှင့် လုပ်ငန်းမှတ်တမ်းများ အား စနစ်တကျ ပြုစုနိုင်ရန်အတွက် အင်ဂျင်နီယာ ဘာသာရပ်များကို ဂရုတစိုက်ကြိုးစား သင်ကြား စေလိုကြောင်း ပြောကြားခဲ့ပါသည်။
    အဆိုပါ သင်တန်းအား ပြည်နယ်/တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများမှ အရာထမ်း /အမှုထမ်း သင်တန်းသား(၂၄)ဦးအား ဝန်ကြီးဌာနရှိ အတွေ့အကြုံရှိပြီး လုပ်ငန်းကျွမ်းကျင်သည့် အင်ဂျင်နီယာများမှ ရက်သတ္တ (၂)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post Paragraph