စစ်တွေ နိုဝင်ဘာ ၂
ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ အစိုးရအဖွဲ့၏ လက်ရှိဆောင်ရွက်ထားသည့် အခြေအနေများကိုသိရှိနိုင်ရန် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်း စာနာမှုအကူအညီပေးရေးညှိနှိုင်းရေးမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး အချို့၏ မေတ္တာရပ်ခံချက်ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်တင် ဦးဆောင်သည့် UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးစဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိကြသည်။
စစ်တွေလေဆိပ်ခန်းမတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က မောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်များအပြီးတွင် အစိုးရက ဥပဒေနှင့်အညီဖြေရှင်း လျက်ရှိကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ်အားဖြေရှင်းရာတွင် အစ္စလာမ်ဘာသာဝင်များအား အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ အထောက်အထားမဲ့စွပ်စွဲ၍ ဖမ်းဆီးခြင်း၊ အမျိုးသမီးများကို အတင်းအဓမ္မပြုကျင့်ခြင်း၊ နေအိမ်များအား ရွာလုံးကျွတ်မီးရှို့ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်ဟူသော ပြင်ပသတင်းများမှာ ဟုတ်မှန်မှုမရှိကြောင်း၊ ယခုမြေပြင်တွင် အမှန်တကယ်လက်တွေ့ ကွင်းဆင်းလေ့လာသုံးသပ်ဆုံးဖြတ်နိုင်ရန် လိုက်လံပြသပေးမည်ဖြစ်ကြောင်းနှင့် မြေပြင်တွင် တွေ့ရှိရမည့် အစ္စလာမ်ဘာသာဝင်များအား ကိုယ်တိုင်မေးမြန်းနိုင်ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ထားသည့်အတိုင်း ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့အနေဖြင့် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ နှစ်ဖက်မျှမျှတတရှိစေရန် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ကွပ်ကဲဆောင်ရွက် လျက်ရှိကြောင်း UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီးများအား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီးများသည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ရောက်ရှိပြီး မောင်တောမြို့နယ် ကျီးကန်းပြင် အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ရုံး ရှင်းလင်းဆောင်၌ မောင်တောနှင့် ရသေ့တောင်မြို့နယ်များအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်၊ အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို မှတ်တမ်းအထောက်အထားအပြည့်အစုံဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်နယ်အစိုးရတို့မှ တာဝန်ရှိသူများက ရှင်းလင်းသည်။
UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီးအချို့က သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် အဖွဲ့များသည် နေအိမ်ငယ်အချို့ကို မီးရှို့ထားခဲ့သည့် ဝါးပိတ်ကျေးရွာသို့ သွားရောက်ကြည့်ရှုသည်။
ယင်းနောက် အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုစတင်ဖြစ်ပွားသည့် ကျီးကန်းပြင်ကျေးရွာသို့သွားရောက်ရာ ဝါးပိတ်ကျေးရွာနှင့် ကျီးကန်းပြင်ကျေးရွာတို့မှ တိမ်းရှောင်ပုန်းအောင်းနေသည့် အစ္စလာမ်ဘာသာဝင်များသည် ၎င်းတို့ ပုန်းအောင်းသည့်နေရာများမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ UNDP ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများကို လာရောက် တွေ့ဆုံသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇင်ပိုင်ညာကျေးရွာတွင် နေထိုင်လျက်ရှိသည့် အစ္စလာမ်ဘာသာဝင်များနှင့် တွေ့ဆုံသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ UNDP ကိုယ်စားလှယ်နှင့် သံအမတ်ကြီးများသည် ရခိုင်၊ ဒိုင်းနက်၊ မြိုနှင့် အစ္စလာမ်ဘာသာဝင်များ သင့်မြတ်စွာစုပေါင်းနေထိုင်လျက်ရှိသည့် ကြိမ်ချောင်းကျေးရွာသို့ သွားရောက်ခဲ့သည်။
ယင်းနောက် အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်တွင် တပ်မတော်သား ငါးဦးကျဆုံးခဲ့သည့် ပြောင်ပိုက်ကျေးရွာသို့ သွားရောက်ခဲ့ကြပြီး အဆိုပါ ကျေးရွာဝန်းကျင်တွင်နေထိုင်သည့် အစ္စလာမ်ဘာသာဝင်များနှင့် တွေ့ဆုံသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒိုးတန်းကျေးရွာ၊ ငါးခူရကျေးရွာများသို့ ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုကြသည်။
ယခုခရီးစဉ်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့ နယ်များတွင် ရဲစခန်းများအား အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုများ ခံခဲ့ရသဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်မှု များရှိခဲ့သော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟု မဟုတ်မမှန် စွပ်စွဲချက်များအပေါ် မှန်ကန်မှုမရှိကြောင်း နိုင်ငံတကာအသိုက်အဝန်းသို့ ပြသနိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)