မြန်မာနိုင်ငံအနေနဲ့ မည်သို့သော အကြမ်းဖက်မျိုးကိုမဆို လက်ခံမှာမဟုတ်ဘဲ အကြမ်းဖက်တိုက်ခိုက်မှုများနဲ့ အားပေးကူညီထောက်ပံ့ သူတွေကို ပြင်းပြင်း ထန်ထန် ထိထိရောက်ရောက် တုံ့ပြန်သွားမှာဖြစ်

မောင်တော နိုဝင်ဘာ ၃

     ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ms. Renata Dessallin နှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများသည် နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ရခိုင် ပြည်နယ် မောင်တောမြို့နယ် အမှတ်(၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)သို့ ရောက် ရှိခဲ့ကြသည်။

     ထိုသို့ ရောက်ရှိစဉ် ရဲမှူးချုပ် သူရစန်းလွင်က အောက်တိုဘာ ၉ ရက် နံနက်ပိုင်း က မောင်တောခရိုင်အတွင်းရှိ ကျီးကန်းပြင်ဌာနချုပ်၊ ကိုးတန်ကောက် ရဲကင်း စခန်းနှင့် ငါးခူရနယ်မြေရုံးတို့သို့ အကြမ်းဖက်သမားများက အလစ်အငိုက် ရယူ၍ အကြမ်းဖက်စီးနင်းတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။

     ထို့နောက် ၎င်းက ဆက်လက်၍ ''အဲဒီလို ဖြစ်စဉ် များ ဖြစ်ပွားပြီးနောက်မှာ တပ်မတော်စစ်ကြောင်းတွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ ပူးပေါင်းကာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူတွေ ဆုတ်ခွာရာနောက်သို့ လိုက်လံရှင်း လင်းတာ၊ ပိတ်ဆို့ တာတွေ ဆောင်ရွက်ခဲ့ရာမှ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းမှာ ကျီးကန်းပြင် ဌာနချုပ်မှ ဆုံးရှုံးခဲ့တဲ့ လက်နက်များအနက် ၁၃ လက်ကို ပြန်လည်သိမ်းဆည်း ရမိခဲ့ပါတယ်။

     ''တိုက်ခိုက်မှုဖြစ်ပွားပြီး နောက်တစ်ရက် အောက်တိုဘာ ၁ဝ ရက်ကစပြီး တာဝန်ရှိသူတွေအနေနဲ့ နယ်မြေဒေသလုံခြုံရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ခဲ့ပါတယ်။

ရွှေ့ပြောင်း ပို့ဆောင်ခဲ့

     ''ပထမအဆင့်အနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှု ကို အခြေပြုပြီး ဘာသာရေး၊ လူမှုရေးဆိုင်ရာ ပဋိပက္ခများအသွင် ဖန်တီးကူးပြောင်းမသွားစေဖို့ တာဝန်ရှိသူများနဲ့ ပေါင်းစပ်ညှိနှိုင်း စီမံဆောင်ရွက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒေသတွင်းလုံခြုံရေး တိုးမြှင့်ဆောင်ရွက်နိုင်ဖို့ တပ်မတော်မှ တပ်အင်အားများ တိုးမြှင့်ချထားတာတွေ၊ ရဲတပ်ဖွဲ့ ဝင်အင်အားများ တိုးမြှင့်ချထားတာတွေကို တပ်မတော်မှ ရဟတ်ယာဉ်များနဲ့ လျင်မြန်စွာ ရွှေ့ပြောင်းပို့ဆောင်ခဲ့ပါတယ်။

     ''ဒုတိယအဆင့်အနေနဲ့ ဒေသတွင်းရှိ မြို့ ရွာများကို အကြမ်းဖက်သမားများ အင်အားသုံးတိုက်ခိုက်မှုများ မပြုလုပ်နိုင်စေဖို့ အဓိကကျတဲ့ မြို့ ရွာများရဲ့ လုံခြုံရေးနဲ့ နယ်မြေအတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်နဲ့ လုံခြုံရေးကို အင်အားတိုးမြှင့် ချထားခဲ့ပါတယ်။

     ''တတိယအဆင့်မှာ ဒေသတွင်းရှိ ရေလမ်းကြောင်းအပါအဝင် အဓိက ဆက်သွယ်ရေးလမ်းကြောင်းတွေ ဆက်သွယ်မှုမပြတ်တောက်စေဖို့ လုံခြုံရေးတိုးမြှင့် ခဲ့ပါတယ်။ မြို့ ရွာဆက်သွယ်ရေးလမ်းကြောင်းတွေရဲ့ လုံခြုံရေးဆောင်ရွက်ထား သော်လည်း စိုးရိမ်ပူပန်မှုကြောင့် သွားလာမှုနည်းပါးတဲ့အတွက် ဌာနဆိုင်ရာ အစီအစဉ်နဲ့ ပို့ဆောင်ပေးမှုတွေ ဆောင်ရွက်နေပါတယ်။

     ''စတုတ္ထအဆင့်မှာ ဒေသတွင်း ရပ်ရွာတွေရဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှတစ်ဆင့် ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများကို နည်းလမ်းစုံနဲ့ ဆက်သွယ်ပြီး ဒေသခံများ မိမိတို့သက်ဆိုင်သည့် ရပ်ကွက်၊ ကျေးရွာ များမှာ ဆက်လက်နေထိုင်ရေး၊ စိုးရိမ်ပူပန်မှုကြောင့် နေအိမ်စွန့်ခွာတိမ်းရှောင် သူများအနေနဲ့လည်း မိမိတို့နေအိမ်များကို အေးချမ်းစွာ ပြန်လည်နေထိုင်ရေး တိုက်တွန်းဆောင်ရွက်လျက်ရှိပါတယ်။

     ''တစ်ချိန်တည်းမှာ ဒေသအတွင်း အမြန်ဆုံးတည်ငြိမ်အေးချမ်းမှုကို အထောက် အကူဖြစ်စေဖို့ ပြည်နယ်အစိုးရရဲ့ လမ်းညွှန်ချက်နဲ့ မြို့နယ်အလိုက် ပုဒ်မ ၁၄၄ ကို သက်တမ်းတိုးတာ၊ အချိန်ကန့်သတ်ချက်ပြင်ဆင်တာတွေ ထုတ်ပြန်ပြီး လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက် လျက်ရှိပါတယ်။

     ''ပဉ္စမအဆင့်မှာ ဒေသတွင်းပြည်သူတွေရဲ့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး စတဲ့အခြေအနေတွေ ပုံမှန်ဖြစ်လာစေဖို့ အရေးကြီးတဲ့အချက်ဖြစ်တဲ့ ဌာနဆိုင်ရာအသီးသီးရဲ့ မူလလုပ်ငန်းတာဝန်တွေ ရပ်တန့်မသွားစေဘဲ အုပ်ချုပ်ရေး ယ္တရားပုံမှန်လည်ပတ်စေဖို့ အလေးထားကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အုပ်ချုပ် ရေး ယ္တရားအတွက် ဌာနအသီးသီးမှ ဝန်ထမ်းများအနေနဲ့ မိမိတို့တာဝန်ကျရာ နယ်မြေအလိုက် ပုံမှန်အတိုင်း စနစ်တကျ နေထိုင်တာဝန်ထမ်းဆောင်နိုင်ဖို့ ပြည်နယ် အစိုးရ တာဝန်ရှိသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ထားပါတယ်။

     ''ဖြစ်စဉ်ဖြစ်ပွားမှုကြောင့် ဝေးလံတဲ့ကျေးရွာတွေမှာ စားဝတ်နေရေးခက်ခဲနေ တာ ကြားသိရတဲ့အတွက် တပ်မတော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ ပြည်နယ်အစိုးရမှ ထောက်ပံ့တဲ့ ဆန်နဲ့စားသောက်ကုန်တွေကို သက်ဆိုင်ရာကျေးရွာများကို လုံခြုံရေး တပ်ဖွဲ့ဝင်များနဲ့ ပို့ဆောင်ပေးလျက် ရှိပါတယ်။

     ''ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်ချက်တွေကို ပြင်ဆင်ဖြည့်စွက်လျက်ရှိပါတယ်။ နယ်မြေရှင်းလင်းမှု စစ်ဆင် ရေး ဆောင်ရွက်ချိန်မှာ ကျေးရွာများအတွင်း ဝင်ရောက်ရှင်းလင်း မှုတွေမှာ ရဲတပ်ဖွဲ့ ဝင်တွေက ရှေ့ကဝင်ရောက်ရှင်းလင်းပြီး တပ်မတော် က နောက်ပိုင်းလုံခြုံရေးကို ဆောင်ရွက်ပါတယ်။

ဥပဒေနှင့်အညီ ဆောင်ရွက်

     ''ရွာသားတွေ၊ လူအုပ်စုတွေထိန်းသိမ်းကာကွယ်နိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေကို Non- lethal weapons တပ်ဆင်ထားရှိပါတယ်။ ရွာအပြင် ဘက် တောတောင်တွေ မှာ နယ်မြေရှင်းလင်းမှုတွေမှာ တပ်မတော် က ရှေ့မှဦးဆောင်ရှင်းလင်းပြီး ဆောင်ရွက် လျက်ရှိပါတယ်။ ဖမ်းဆီးထိန်း သိမ်းထားသူတွေကို ဥပဒေနှင့်အညီ အမှုဖွင့်လှစ်ထား ပြီး စစ်ဆေးမှုတွေ မှာလည်း နှိပ်စက်ညှဉ်းပန်းမှုမပြုဘဲ အိပ်ချိန်၊ စားချိန်တွေ စနစ်တကျ စီစဉ်ထားပါတယ်။ စစ်ဆေးမှုအားလုံးကို ဗီဒီယိုမှတ်တမ်းထား ရှိပါတယ်။ သေဆုံးသွားတဲ့ အကြမ်းဖက်တိုက်ခိုက်သူတွေကိုလည်း သက်ဆိုင်ရာ ရပ်ရွာလူကြီး တွေနဲ့အတူ ဘာသာရေးထုံးစံတွေနဲ့ အညီ သဂြုႋဟ်ပေးခဲ့ပါတယ်။ လူ့အသိုက်အဝန်း (Community) အချင်းချင်း ထိပ်တိုက်မဖြစ်စေဖို့ လုံခြုံမှုနဲ့ ယုံကြည်မှုရရှိစေဖို့ ကြိုးစားဆောင်ရွက်နေ ပါတယ်။ အင်အားသုံးရာမှာလည်း ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်း စိမ်ကာကွယ်ဖို့ အမြင့်ဆုံး မူဝါဒထားရှိပြီး ဆောင်ရွက်နေပါတယ်။ အင်အားသုံးတဲ့အခါမှာ အချိုးအစား မျှတဖို့၊ ဥပဒေနှင့်အညီဖြစ်စေဖို့၊ တာဝန်ခံနိုင်ဖို့ လိုအပ်သလောက်သာ အသုံးပြုတဲ့အချက်များနဲ့ အညီ ဆောင်ရွက်နေပါတယ်။

     ''ဖြစ်စဉ်မှာပါဝင်ပတ်သက်တဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိအရေးယူနိုင် ဖို့ ၊ နယ်မြေအလိုက် တည်ငြိမ်အေးချမ်းဖို့ လုံခြုံရေး၊ ဆုံးရှုံးသွားတဲ့ လက်နက်ခဲယမ်းတွေ ပြန်လည်ရရှိဖို့ တပ်အင်အားတွေဖြည့်တင်းပြီး တပ်မတော်စစ်ကြောင်းတွေနဲ့ နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး နယ်မြေပိတ်ဆို့ရှင်းလင်းရေး၊ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေးကိစ္စတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။

သိမ်းဆည်းရမိ

     ''အောက်တိုဘာ ၁၉ ရက်အထိ ထိတွေ့ မှု ၁၂ ကြိမ်၊ မိမိဘက်မှ တပ်မတော်သား ငါးဦးနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ခြောက်ဦး နဲ့ အရပ်သား သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ တပ်မတော်မှ လက်နက်ငယ်နှစ်လက်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လက်နက်ငယ် ၆၄ လက်၊ ခဲယမ်း ၁ဝ၁၄ဝ ၊ ကျည်အိမ် ၁၇၃ ခု၊ လှံစွပ် ၄၇ ချောင်း ဆုံးရှုံးခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ပါဝင်တဲ့ မသင်္ကာ သူ ၈၉ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး ၃၃ ဦး အသေရရှိခဲ့ကာ လက်နက်ငယ်မျိုးစုံ ၁ဝ လက် သိမ်းဆည်းရမိထားပါတယ်။

    ''ဖမ်းဆီးရမိသူတွေကို စစ်ဆေးဖော်ထုတ်ချက်အရ အကြမ်းဖက်တိုက်ခိုက်မှု တွေကို မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ခိုအောင်းလှုပ်ရှားနေတဲ့ RSO အဖွဲ့နဲ့ ဆက်နွှယ်တဲ့ ဘာသာရေးအစွန်းရောက် ဟာဗစ်တူဟာရ် ဦးဆောင်သည့် အကာလ် မူလ် မူဂျာဟီဒင်န် အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ ပြည်တွင်းပြည်ပဆက်စပ်လုပ် ဆောင်ခဲ့မှု အခြေအနေတွေကို အောက်တိုဘာ ၁၄ ရက်မှာ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။

     ''ဟာဗစ် တူဟာရ် ဟာ မောင်တောဒေသအတွင်း ဂျီဟတ်ပြုလုပ်ရန် သူတို့ထံ လာရောက်ရေး ဖိတ်ခေါ်မှုတွေ၊ အသေခံတိုက်ခိုက်ဖို့ တိုက်တွန်းမှုတွေ၊ အခွင့်အရေး တောင်းဆိုမှုတွေပါဝင်တဲ့ ဝါဒဖြန့်ပြောကြားချက် ဗီဒီယိုဖိုင်လေးခုကို အောက်တိုဘာ ၁၂ ရက်မှ ၁၅ ရက်အတွင်း လူမှုကွန်ရက်တွေမှာ လွှင့်တင်ခဲ့တာတွေ့ရှိရပါတယ်။

     ''ယခုနှစ် သြဂုတ် ၂၄ ရက်က ဖွဲ့စည်းခဲ့တဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဟာ မြန်မာနိုင်ငံကို ယခုတိုက်ခိုက်မှုဖြစ်စဉ်မတိုင်မီ စက်တင်ဘာ ၃ ရက်မှ ၈ ရက်ထိ လာရောက်ခဲ့ပြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ နှစ်ဖက်လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံပြီး တွေ့ရှိချက်တွေကို အစီရင်ခံစာ တင်ပြနိုင်ဖို့ ဆောင် ရွက် နေပါတယ်။

     ''တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီကလည်း အစည်းအဝေး နှစ်ကြိမ်ကျင်းပခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေး ချမ်းရေးနဲ့ စီမံခန့်ခွဲမှုလုပ်ငန်း များ ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။

လေ့လာစုံစမ်း

    ''ဒါ့အပြင် ကော်မတီဝင်များ၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများဟာ ရခိုင် ပြည်နယ်ကို ကွင်းဆင်းရောက်ရှိပြီး ဒေသဆိုင်ရာအာဏာပိုင်တွေ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေ ပေါင်းစပ်ကာ လုပ်ဆောင်သင့် တာတွေကို ဆောင်ရွက်နေကြပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်လွှတ်တော် ကလည်း စုံစမ်းရေးအဖွဲ့ကိုဖွဲ့စည်းထားပြီး တိုက်ခိုက် မှုနဲ့ ပတ်သက် တာတွေကို အခြေခံကျကျ လေ့လာစုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။

    ''မြန်မာနိုင်ငံအနေနဲ့ မည်သို့သောအကြမ်းဖက်မျိုးကိုမဆို လက်ခံမှာမဟုတ်ဘဲ အကြမ်းဖက်တိုက်ခိုက်မှုများနဲ့ အားပေးကူညီထောက်ပံ့သူတွေ ကို ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် တုံ့ပြန်သွားမှာဖြစ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပါတယ်လို့ ရှင်းလင်းတင်ပြအပ်ပါ တယ်'' ဟု ပြောကြားသည်။

    ထို့နောက် ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် သံတမန်များ၏ မေးမြန်း ချက်များအား တာဝန်ရှိသူများက အောက်ပါအတိုင်း ရှင်းလင်းဖြေကြားခဲ့ကြသည်-

     ဖမ်းဆီးရမိထားသည့် အကြမ်းဖက်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သော မသင်္ကာ သူတစ်ဦး စစ်ဆေးစဉ် သေဆုံးခဲ့မှုနှင့် ပတ်သက်၍ မေးခွန်း ကို ဖြေကြားရာတွင် မိမိတို့ ဥပဒေနှင့်အညီ မေးမြန်းစုံစမ်းခဲ့ကြောင်း ၎င်းသေဆုံးသွားသည်ဆိုသည်မှာ ပင်ကို ရောဂါကြောင့် သေဆုံး သွားခြင်းဖြစ်ကြောင်း၊ မသေဆုံးမီ ဆေးရုံပို့ပေး ခဲ့ ကြောင်း၊ သေဆုံး သွားပြီးနောက် ၎င်းတို့၏ ဘာသာရေးဓလေ့ထုံးစံနှင့်အညီ သဂြုႋဟ်ခွင့်ပေး ခဲ့ကြောင်း၊ ထိန်းသိမ်းထားစဉ်အတွင်း သေဆုံးခဲ့ပါက လုပ်ထုံး လုပ်နည်းအရ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ကြောင်း၊ သေဆုံးသည်ဟု ကြေးနန်းရသည်နှင့် ညွှန်ကြားချက်ကို ချက်ချင်းတောင်းခံပြီး တပ်မတော် ရဲအက်ဥပဒေ အရ ဖြစ်စဉ်ကို စုံစမ်း စစ်ဆေးဖို့ ခုံရုံးဖွဲ့ကြောင်း၊ သက်သေအားလုံး၏ ထွက်ဆိုချက်များကို ယူကြောင်း၊ အဓိကကျသည့် ဆရာဝန်၏ သေမှုသေခင်း ထွက်ဆိုချက်ကို ရယူပါကြောင်း၊ ပြင်ပ ဒဏ်ရာ ရှိ/မရှိ၊ ပြင်ပဒဏ် ရာကြောင့် သေဆုံးခြင်း ရှိ/မရှိက ဆရာဝန် ထွက်ဆိုချက်သည် အဓိကကျပါကြောင်း၊ စုံစမ်း စစ်ဆေးရေးအဖွဲ့မှ စုံစမ်းစစ်ဆေးပြီး ဆက်လက်တင်ပြပါကြောင်း ဖြေကြားသည်။

ဦးဆောင်တိုက်ခိုက်

     အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်တွင် အစွန်းရောက် အသေခံဗုံးခွဲ တိုက်ခိုက်မှုများ ပါဝင်ခြင်း ရှိ မရှိ မေးခွန်းကို ဖြေကြားရာတွင် ယခုဖြစ်စဉ်တွင်တော့ အသေခံဗုံးခွဲတိုက်ခိုက်မှုများ မပါဝင်ပါကြောင်း၊ ယခုဖြစ်စဉ်ကို ဦးဆောင်သူမှာ ပါကစ္စတန်နိုင်ငံတွင် လေ့ကျင့်ထားသည့် အကြမ်းဖက်သမားဖြစ်ကြောင်း စုံစမ်း သိရှိရသည်ဟု နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ ထိုသူ တွေက မောင်တောဒေသ ရှိ ဒေသခံအချို့ကို လေ့ကျင့်ပေးခဲ့သည်ဟု ဖော်ထုတ်စုံစမ်း သိရှိရပါကြောင်း၊ ယင်းမူဂျာဟစ်ဒင်အဖွဲ့သည် ပါကစ္စတန်နိုင်ငံမှ အကြမ်းဖက်အဖွဲ့ နှင့် ဆက်နွှယ်မှုရှိသည်ဟု အိန္ဒိယနိုင်ငံမှ သတင်းစာအချို့က အထောက် အထားနှင့် တကွ ရေးသားဖော်ပြခဲ့ပါကြောင်း၊ မောင်တော မြို့နယ်အတွင်းရှိ နယ်ခြားစောင့် တပ်စခန်းများကို တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်အုပ်စု များသည် ပါကစ္စတန်နိုင်ငံ အခြေစိုက် အကြမ်းဖက်အုပ်စုများသာမက ဂျမူး-ကက်ရှ်မီးယားမှ အကြမ်းဖက် အုပ်စုများနှင့် ဆက်စပ်မှုရှိသည်ဟု အိန္ဒိယနိုင်ငံထုတ် The Economic Times သတင်းစာက အထောက် အထားနှင့်တကွ ရေးသားဖော်ပြခဲ့သည်ကို လေ့လာမိပါ ကြောင်း၊ ထို့ကြောင့် အကြမ်းဖက်မှုကို ဦးဆောင်သူက ပြည်ပမှာ လေ့ကျင့်ထားပြီး ဒေသခံများကို ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားသည်။

    အစ္စလာမ်ဘာသာဝင်များကို ဖိနှိပ်တိုက်ခိုက်နေသည်ဟု သတင်းများ ထွက်ပေါ် နေကြောင်း မေးမြန်းမှုနှင့်ပတ်သက်၍ မိမိတို့သည် အစ္စလာမ် ဘာသာဝင်ဆိုပြီး တိုက်ခိုက်ခြင်းမဟုတ်ကြောင်း၊ အကြမ်းဖက်တိုက်ခိုက် လာမှုကြောင့် လုံခြုံရေးအရ ပြန်လည်ခုခံသည့် သဘောဖြင့် ကာကွယ်ခြင်းဖြစ် ပါကြောင်း၊ နယ်စပ်လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ကို တိုက်ခိုက်လာသဖြင့် အကြမ်းဖက်တိုက်ခိုက် သူများကိုသာ ပြန်လည် တိုက်ခိုက်ခြင်းဖြစ်ပါကြောင်း၊ ဒါကလည်း အပြည်ပြည် ဆိုင်ရာ လုပ်ထုံးလုပ် နည်းနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လောလော ဆယ်မှာတော့ ဝါးပိတ်ရွာနှင့် ကျီးကန်းပြင်ရွာတို့သည် အကြမ်းဖက်တိုက်ခိုက်ခဲ့ မှုမှာ ပါဝင်ပတ်သက်ခဲ့သည့် ရွာများဖြစ်၍ အကြမ်းဖက်သူများ ရွာကိုပြန်မလာ ကြ သေးပါကြောင်း၊ ပြောင်ပိုက်ကျေးရွာနှင့် ကြက်ရိုးပြင်ရွာသားများလည်း အကြမ်း ဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သဖြင့် အခုအချိန်တွင် ရည်ရွယ်ချက်ရှိရှိ တိမ်းရှောင် ပုန်းအောင်းနေဆဲ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဲဒီရွာများမှ လူများသည် ဝင်ရောက် နေထိုင်ခြင်းမရှိသေးခြင်းဖြစ် ပါကြောင်း၊ အေးချမ်း မှုနှင့် တည်ငြိမ်ရေး တိုးတက်လာ သည့် ရွာများတွင်တော့ လုံခြုံရေးဆောင် ရွက်မှု လျှော့ချထားပြီဖြစ်ပါကြောင်း ဖြေကြားသည်။

ပွင့်လင်းမြင်သာစွာ ဆောင်ရွက်

     နိုင်ငံတကာနှင့် ပြည်တွင်းမီဒီယာအချို့တွင် ဖော်ပြနေသည့် တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ်ကာလအတွင်း အကြမ်းဖက် မှုဖြစ်ပွားသည့် ကျေးရွာများတွင် မုဒိမ်းမှုများ ကျူးလွန်နေသည်ဟူသော သတင်းများထွက်ပေါ်နေ ကြောင်း မေးခွန်းကို ဖြေကြားရာတွင် ယင်းတို့မှာ တမင်တကာ လုပ်ကြံဖန်တီး ဖော်ပြထားခြင်းဖြစ်ပါကြောင်း၊ ယင်းတို့ကိုလည်း အချိန်မရွေး စုံစမ်းမေးမြန်းနိုင်ပါ ကြောင်း၊ အကယ်၍ ကျူးလွန်ကြောင်း ထင်ရှားပါက ထိရောက်စွာပြစ်ဒဏ်ပေး အရေးယူမှုကိုလည်း ပွင့်လင်းမြင်သာ စွာ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ယခု အကြမ်းဖက်တိုက်ခိုက်မှုမှာ အများဆုံးပါဝင်ခဲ့သည့် ရွာများမှာ ကျီးကန်းပြင်၊ ဝါးပိတ်၊ ပြောင်ပိုက်နှင့် ကြက်ရိုးပြင် ဆိုသည့် ရွာလေးရွာဖြစ်ပါကြောင်း၊ ယင်းရွာ များကို လေ့လာရန် ယခုရောက်ရှိလာသည့် နိုင်ငံတကာမှ သံတမန်များကို ခေါ်ယူ ပြသပေးသွား မှာဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။

သတင်း-သပြေနှင့်အဖွဲ့

Post Paragraph